Saturday, July 30, 2016

အိမ်ပြန်ချင်သူတွေ စဉ်းစားဖို့ (၃)

အိမ်ပြန်ချင်သူတွေ စဉ်းစားဖို့ (၃)
#ReturningMyanmar
ရှေ့မှာရေးခဲ့တဲ့ အပိုင်း (၁) နဲ့ (၂) ကိုဖတ်ပြီးရင် ဒီလောက်တောင် အဆင်မပြေတာတွေများနေတာ ဘာတွေများ ပြန်လာချင်စရာ ရှိသေးလဲလို့ မေးချင်စရာပါ။ မြန်မာနိုင်ငံမှာ ပြန်လာပြီး အလုပ်လုပ်တာ အခက်အခဲတွေ အမျိုးမျိုး ရှိပေမယ့် စိတ်ကြေနပ်စရာတွေကလည်း အများကြီးပါ။

(က) ကိုယ့်မြေကိုယ့်ရေဆိုတဲ့ ခံစားမှု - အင်္ဂလိပ်စကားလုံး Sense of Belonging ကို ကိုယ့်မြေကိုယ့်ရေ၊ ကိုယ်လူမျိုး၊ ကိုယ့်နိုင်ငံရယ်လို့ ပိုင်ပိုင်နိုင်နိုင်ခံစားမှုလို့ ဖွင့်ဆိုချင်ပါတယ်။ အခြားနိုင်ငံမှာလည်း ကုမ္ပဏီတစ်ခုခုမှာ ဝန်ထမ်းအဖြစ် အလုပ်လုပ်တယ်၊ မြန်မာနိုင်ငံပြန်လာတော့လည်း ကုမ္ပဏီတစ်ခုခုမှာပဲ ဝန်ထမ်းအဖြစ် အလုပ်လုပ်တယ်ဆိုပါတော့။ ကုမ္ပဏီရဲ့ Target တွေမိဖို့ ကိုယ့် KPI ပြည့်မီဖို့ အားထုတ်ကြတာပဲမို့ အလုပ်သဘောအရ ဘာမှသိပ်မကွာလှပါ။ ဒါပေမယ့် နှစ်ပေါင်းများစွာ တိုးတက်မှုရှားပါးခဲ့တဲ့ ကိုယ့်အမိမြေမှာ ကိုယ့်ကုမ္ပဏီက ဖေါ်ဆောင်လိုက်တဲ့ အပြောင်းအလဲကို လက်တွေ့ဘဝထဲမှာ တွေ့လိုက်ရတဲ့အခါ ရတဲ့ ခံစားချက်ဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ကြေနပ်စရာကောင်းပါတယ်။ ဥပမာပြရရင် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဖုန်းအဆက်အသွယ်ခက်ခဲတဲ့ အရပ်မှာ အခုလူများစုမှာ လက်ကိုင်ဖုန်းတွေရှိနေပြီး သူတို့အရင်က ကိုယ်တိုင်သွားပြောရတဲ့အလုပ်တွေကို အခုဖုန်းနဲ့ပြောပြီး အချိန်တိုတိုအတွင်း လုပ်လို့ရသွားတဲ့ မြင်ကွင်းမျိုး။ အရင်က ဒေါ်လာအရောင်းအဝယ်ဆိုတာ တရားမဝင်တဲ့ကိစ္စမို့ ခိုးကြောင်ခိုးဝှက်လုပ်ခဲ့ရတာကနေ အခု (အလွယ်တကူ Money Changer လို့ခေါ်ကြတဲ့) Exchange Counter တွေ ဟိုနားတစ်ခု ဒီနားတစ်ခုတွေ့ရတာမျိုး။ အရင်က ညကိုးနာရီနောက်ပိုင်းလောက်ဆို ပေါင်မုန့်လေး၊ အအေးလေး လိုချင်ရင်တောင် ဝယ်စရာနေရာမရှိခဲ့တာကနေ အခု (၂၄)နာရီဖွင့်တဲ့ စတိုးဆိုင်ချိန်းတွေကို မြင်ရတာမျိုး တွေပေါ့။ ကိုယ့်လုပ်အားဟာ ကိုယ့်မြေကိုယ့်ရေ တိုးတက်ပြောင်းလဲဖို့ တိုက်ရိုက်ပါဝင်တယ်လို့ သိလိုက်တဲ့အချိန်မှာ ရတဲ့ ခံစားချက်ဟာ စကားလုံးနဲ့ ဖေါ်ပြဖို့မလုံလောက်နိုင်အောင် စိတ်ကြေနပ်စေပါတယ်။ အဲဒီလို စိတ်ကြေနပ်မှုမျိုးကို ကိုယ့်မြေ ကိုယ့်ရေမဟုတ်တဲ့ အခြားအရပ်များမှာ ရနိုင်ခဲပါတယ်။

(ခ) မိသားစု - ကျွေးဟောင်းဆပ်ချိန်တန်သူများအတွက် မိဘကို ပြုစုစောင့်ရှောက်လို့ရတယ်။ ဒီအချက်ဟာ ပြန်လာသူအများစုရဲ့ အိမ်ပြန်လာရခြင်းအကြောင်းရင်းတွေထဲက တစ်ခုဖြစ်တယ်။ အထူးသဖြင့် မိဘတွေက ကျန်းမာရေးဂရုစိုက်ရမယ့် အချိန်ရောက်နေပြီဆိုရင် ငွေကြေးလုံလောက်အောင် ပို့ပေးယုံနဲ့ မရတော့ဘဲ ကိုယ်တိုင်ဂရုစိုက်ဖို့လိုလာပါတယ်။ ကျွေးသစ်ချထားသူများအနေနဲ့ကလည်း စဉ်းစားစရာပါပဲ။ မိဘတိုင်းဟာ ကိုယ့်သား သမီးကို ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာအထောက်အပံ့ အကောင်းဆုံးပေးချင်ကြပါတယ်။ သားသမီးပြုစုပျိုးထောင်ဖို့အတွက်ဆို ဘယ်မှာပဲနေနေ အင်အားစိုက်ထုတ်မှသာ ကိုယ်ပျိုးထောင်ချင်တဲ့ပုံစံအတိုင်း ပျိုးထောင်လို့ရမှာဖြစ်ပါတယ်။ သားသမီးကို ပျိုးထောင်ဖို့ တစ်ချို့မိဘတွေက ရုပ်ပိုင်းဆိုင်ရာ ပိုပြည့်စုံတဲ့နိုင်ငံတွေကို ရွေးချယ်ကြပြီး တစ်ချို့ကတော့ သားသမီးကို (အထူးသဖြင့်) မြန်မာဓလေ့၊ မြန်မာ့စရိုက်၊ မြန်မာယဉ်ကျေးမှု တွေနဲ့ကြီးပြင်းစေချင်လို့ အိမ်ပြန်ဖို့ ရွေးချယ် ကြပါတယ်။

အနှစ်ချုပ်ရမယ်ဆိုရင် ပထမဆုံး ဒီမေးခွန်းကို မေးပါ။
"ငါ့အတွက် အခုအချိန်မှာ ဘာကအဓိကလဲ။ ငွေလား၊ ဘဝအဓိပ္ဗါယ်ရှိမှုလား။"
ငွေကို အဓိကဆိုရင် ဆက်မေးပါ။ "အကြပ်အတည်းတွေ အများကြီးထဲမှာ ငွေရှာတတ်သလား။" တတ်တယ်ဆိုရင် ပြန်ဖို့ ဆက်စဉ်းစားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုမှာ ငွေဆက်ရှာပြီး စိတ်ကြေနပ်မှုရအောင် ကိုယ့်နိုင်ငံအတွက် ကိုယ့်မိသားစုအတွက် တစ်ခုခုလုပ်ပေးနေတာက ပိုကောင်းပါလိမ့်မယ်။

ပထမမေးခွန်းအတွက် အဖြေက ဘဝအဓိပ္ဗွါယ်ရှိမှု ဆိုရင် ဆက်မေးပါ။ "ဘာတွေလုပ်ရင် ဘဝ အဓိပ္ဗါယ်ရှိမှာလဲ။" ကိုယ်ဘာလုပ်ချင်တာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိတယ်၊ ရှေ့က အပိုင်း (၁) နဲ့ (၂) မှာရေးထားတာတွေကိုလည်း စဉ်းစားပြီးပြီ ဆိုရင်တော့ Welcome Home ပါလို့။

No comments: