Saturday, July 30, 2016

အိမ်ပြန်ချင်သူတွေ စဉ်းစားဖို့ (၂)

အိမ်ပြန်ချင်သူတွေ စဉ်းစားဖို့ (၂)

#ReturningMyanmar

(၂) နေရေး ထိုင်ရေးနဲ့ ပါတ်သက်လာရင် ဒါတွေကို စဉ်းစားသင့်ပါတယ်။

အခြေခံအဆောက်အအုံ - Infrastructure ကို ခဏခဏတွေ့နေတဲ့ အခြေခံအဆောက်အအုံလို့ပဲ သုံးလိုက်ပါတယ်။ ရေ၊ မီး၊ လမ်း၊ အများသုံး ခရီးသွားစနစ်၊ ဖုန်းလိုင်း နဲ့ အင်တာနက် အဆက်အသွယ် အားလုံးပါပါတယ်။ အများသိတဲ့ အတိုင်း ထိုင်း၊ မလေးရှား၊ စင်ကာပူတွေထက် အဖက်ဖက်က ညံ့ ပါတယ်။ အခြေခံအဆောက်အအုံ မခိုင်မာမှုက  အိမ်မှာနေတာအပြင် အလုပ်ခွင်မှာလည်း ထိခိုက်နိုင်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူတွေ ဆိုရင်တော့ ပြောဖွယ်ရာ မရှိပေါ့။

ပတ်ဝန်းကျင်သန့်ရှင်းရေး - ကိုယ်နေတဲ့ နေရာကိုလိုက်ပြီး ပတ်ဝန်းကျင် သန့်ရှင်းမှု ကွာပါတယ်။ ကိုယ်နေတဲ့အိမ်ကို စိတ်ကြိုက်သန့်ရှင်းလို့ ရပေမယ့် ဘေးပတ်ဝန်းကျင်က သန့်ရှင်းမှုမရှိရင်လည်း ကိုယ့်အားထုတ်မှုတွေက ထင်သလောက် အကျိုးမသက်ရောက်တာလည်း ဖြစ်နိုင်ပါတယ်။

(၃) အလုပ်ခွင်နဲ့ ပါတ်သက်လာရင် ဒါတွေကို စဉ်းစားသင့်ပါတယ်။

Three Base Line - မြန်မာနိုင်ငံမှာ လုပ်ငန်းပေါင်းစုံရှိတဲ့ထဲက ဘယ်လို လုပ်ငန်းမျိုးကို ကိုယ်ကလုပ်ချင်တာလဲ ဆိုတာ ကြိုတင်စဉ်းစားစေချင်ပါတယ်။ ဖြစ်နိုင်ရင် စာရင်းကိုင်စကားနဲ့ Triple Bottom Line လို့ခေါ်တဲ့ ငွေကြေးအကျိုးအမြတ် တစ်ခုတည်းသာမက လူမှုအသိုင်းအဝန်းနဲ့ သဘာဝပါတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို ကြည့်တဲ့ အလုပ်ရှင်တွေဆီမှာ အလုပ်လုပ်ဖို့ ဦးစားပေးစေချင်ပါတယ်။

ပွင့်လင်းမြင်သာမှု - ပြည်ပမှာ Organization Culture တော်တော်ကောင်းတဲ့ အလုပ်တွေမှာ လုပ်ဖူးတဲ့သူတွေ အတွက် အထူးစဉ်းစားစရာပါ။ အလုပ်ခွင်တိုင်းမှာ ပြောသင့်တာကို ပွင့်ပွင့်လင်းလင်း ပြောခွင့် အပြည့်အဝ ရဘူးရင် ခိုင်းထားတဲ့ တာဝန်တွေပြီးမြောက်ဖို့ စိတ်ထဲရှိသလောက် ပြောဆိုလုပ်ကိုင်ခဲ့ဘူးရင် ပိုသတိထားရမယ်ထင်ပါတယ်။ နှစ်ပေါင်းများစွာ တံခါးပိတ်ထားတဲ့ နိုင်ငံမှာ လူတွေဟာ ချက်ချင်း ပွင့်လင်းမြင်သာရှိဖို့ ခက်ပါတယ်။ တံခါးပိတ်ထား ခဲ့တဲ့ နှစ်ကာလတွေဟာ လူတွေကို တစ်ယောက်နဲ့တစ်ယောက် တစ်ဌာနနဲ့ တစ်ဌာန တစ်ရုံးနဲ့ တစ်ရုံး ယုံကြည်မှု နည်းပါးစေဖို့ လိုတာထက်တောင် ပိုပါသေးတယ်။ ဒီကိစ္စတွေကို ကုစားဖို့ကတော့ ကိုယ့်ဖက်ကစပြီး ယုံကြည်မှုကို ထူထောင်ပြသဖို့ပါပဲ။ အိမ်ပြန်လာမယ်ဆိုရင် နှလုံးသားကြီးကြီး တစ်ခုတော့လိုမယ်။

အလုပ်ခွင် အဆင်သင့်ဖြစ်မှု - နိုင်ငံရပ်ခြား အလုပ်ခွင်တွေမှာ အလုပ်ကိုဝင်လာပြီ ဆိုတာနဲ့ အလုပ်ခေါ်စာထဲမှာပါတဲ့ Job Scope ကို ယျေဘူယျအားဖြင့် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်လို့ရပါတယ်။ မြန်မာ့ပညာရေးစနစ်အောက်က ထွက်လာတဲ့ သူတွေကိုတော့ ဒီလိုမမျှော်လင့်စေချင်ပါဘူး။ အလုပ်လျှောက်တာကိုများများသာပစ် တစ်ခုခုတော့ ထိလိမ့်မယ် (Number Game) လို့ သဘောထားပြီး အင်တာဗျူးလာဖြေတော့မှ ဘာမှန်းမသိဖြစ်နေရင်လည်း ခွင့်လွှတ်ကြပါ။ ဒါဖြင့် အလုပ်ခွင်မှာ လူကောင်းမရနိုင်တော့ဘူးလားလို့ မေးစရာရှိပါတယ်။ မြန်မာနိုင်ငံ အလုပ်ခွင် တွေမှာ ကျင်လည်ပြီး နှစ်နှစ်လောက် ဝန်ထမ်းအခက်အခဲကို ရင်ဆိုင်ဘူးသူတွေက လူရှာတဲ့အခါ အလုပ်အပေါ်၊ ဘဝအပေါ်မှာထားတဲ့ စိတ်သဘောထား (Attitude) ရယ်၊ အမြဲမပြတ် သင်ယူလိုစိတ်ရယ်အပေါ် တည်ပြီးခန့်ပါလို့ ပြောကြပါတယ်။ Attitude ကောင်းပြီး သင်ယူလိုစိတ်ရှိသူတွေကို ကိုယ်တိုင်သင်ပေးခွင့်ရတဲ့အခါ ကိုယ့်အတွက်လည်း အလုပ်ခွင် စိတ်ကြေနပ်မှု အများကြီးရပါတယ်။ အင်တာဗျူးတဲ့အခါ ဒီနှစ်ခုကို အကဲဖြတ်တတ်ဖို့  ခုကတည်းက လေ့ကျင့်ပေတော့။

Feedback ကိုလက်ခံနိုင်မှု - မြန်မာလိုမျိုးဟာ အတော် “အားနာ” တတ်ပါတယ်။ ကောင်းတာကို ကောင်းတယ် ပြောဖို့တောင် သူရှက်သွားရင် သူနေရခက်သွားရင် အားနာစရာလို့ တွေးတတ်တဲ့သူတွေပါ။ တစ်ဖက်ကလည်း သူ့ကို လှတယ်ပြောလိုက်ရင် ငါက ဖါးတယ်လို့များ ထင်သွားမလားလို့လည်း တွေးတတ်ပါသေးတယ်။ အဲဒီတော့ မြန်မာ့လူ့အသိုက်အဝန်းဟာ Feedback ပေးလေ့ပေးထ အလွန်နည်းပါတယ်။ တော်လို့တော်တယ်ပြောရင်တောင် နည်းနည်းသတိထားရတယ်။ ပြင်ဖို့လိုတာတွေကို ပြောတော့မယ်ဆိုရင်တော့ သတိပိုကြီးကြီးထားဖို့ လိုပါတယ်။ ဒီကိစ္စမှာလည်း သတင်းကောင်းတော့ရှိပါတယ်။ မြန်မာလူမျိုးက စေတနာကိုတန်ဖိုးထားတတ်တဲ့စိတ်လည်း ကြီးကြီးမားမား ရှိနေပြန်တော့ စေတနာထားမှန်းသိတဲ့အခါမှာတော့ ကိုယ့် Feedback ကိုတန်ဖိုးထားပြီး အရေးတယူ နာကြားကြပါတယ်။ မြန်မာနိုင်ငံအလုပ်ခွင်ကို ဝင်လာစမှာ နည်းနည်းသတိထားဖို့ပဲ လိုတာပါ။

အချိန် စီမံခန့်ခွဲမှု - အချိန်နဲ့ပါတ်သက်ရင်တော့ ကိုယ်တောင်လိုက်ပါမသွားအောင် တော်တော်ကြိုးစားဖို့ လိုမယ်လို့ မြင်ပါတယ်။ ဘေးပါတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေ၊ ရုံးတွေ တော်တော်များများက အချိန်မလေးစားကြတော့ ကိုယ်စတဲ့ ပွဲဆို ကိုယ်တိုင်နောက်မကျအောင် သူများခေါ်တဲ့ပွဲတွေဆို သူတို့နောက်ကျလည်း ကိုယ့်အချိန်အလကားမဖြစ်ဖို့ ကြိုတင်ပြင်ဆင်သွားဖို့ လိုပါလိမ့်မယ်။

ဆက်ရန် ...

No comments: