Saturday, March 16, 2019

သင်ယူခြင်းရဲ့ မျက်နှာစာများ


သင်တန်းတစ်ခု တက်တဲ့အခါ ငွေတွေ အချိန်တွေကုန်ပြီး ဘာမှမတတ်လိုက်ဘူးဆိုတာမျိုး မဖြစ်ရလေအောင် သင်တန်းမအပ်ခင်ကတည်းက ဒီအချက်လေးချက်ကို သေချာစဉ်းစားပါ။
.
၁။ ဦးတည်ချက် သတ်မှတ်ခြင်း 
ဒီဘာသာရပ်ကို ဘာ့အတွက် သင်ယူချင်တာလဲ။ အလုပ်ခွင်မှာ လိုအပ်လို့သင်ယူချင်တာလား၊ ဘဝတိုးတက်မှုအတွက် သင်ဖို့လိုတာတာလား၊ ဝါသနာပါလို့ သင်ချင်တာလား၊ အခြားရည်ရွယ်ချက် မရှိဘဲ သင်ယူခြင်းကို သဘောကျလို့ သင်ယူတာလား။ ပြန်အသုံးချဖို့ သင်ယူတာဆိုရင်တော့ ဦးတည်ချက်ချမှတ်ဖို့က မရှိမဖြစ်လိုအပ်ပါတယ်။ ဥပမာ သင်တန်းတက်တယ်ဆိုရင်လည်း ဒီသင်တန်းပြီးရင် ဘာတွေ တတ်ချင်တာလဲ၊ တတ်ပြီးသားဆိုရင်လည်း ဘယ်လောက် တိုးတက်သွားချင်တာလဲ ဆိုတာကို ချရေးထားသင့်ပါတယ်။ ဒါမှသင်တန်းပြီးတဲ့အခါ ကိုယ်လိုချင်တဲ့ ဦးတည်ချက်ကို တကယ်ရမရ ပြန်ပြီး ဆန်းစစ်နိုင်ပါလိမ့်မယ်။ ၂။ ကိုးကားစရာများ ရွေးချယ်ခြင်း
ပညာရပ်အသစ်တစ်ခုကို ကိုယ်တိုင်သင်ယူဖို့အတွက် အရေးကြီးတာတစ်ခုက မှန်ကန် သင့်တော်တဲ့ ကိုးကားစာအုပ်တွေ၊ အခုခေတ်မှာဆိုရင်တော့ Video တွေ နဲ့ Online Course တွေ အများကြီးထဲက ကိုယ့်အတွက် သင့်တော်တဲ့ အရာတွေကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။ ကိုယ်က ဒီပညာရပ်ကို အခုမှစသင်မှာဆိုရင် Introductory levle, basic level တွေကို ရွေးချယ်ပြီး တတ်ပြီးသားပညာရပ်ကို နောက်တစ်ဆင့် ပိုမြင့်ချင်တာဆိုရင် အလယ်အလတ်အဆင့် တွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။ သင်တန်းတက်တဲ့အခါ ကိုယ်တိုင်ရွေးချယ်စရာမလိုပေမယ့် သင်တန်းဆရာက ရွေးချယ်ထားတဲ့ စာအုပ်တွေ၊ ကိုးကားပစ္စည်းတွေကို နားလည်အောင် မေးကြည့်သင့်ပါတယ်။
.
၃။ မိမိ၏ သင်ယူမှုစတိုင်ကို နားလည်ခြင်း
လူတစ်ယောက်နဲ့တစ်ယောက် သင်ယူတဲ့စတိုင် မတူကြပါဘူး။ ကိုယ်က အမြင်အာရုံကို အားပြုသင်ယူတဲ့သူလား၊ အသံတွေကိုနားထောင်ပြီး သင်ယူရတာကို အားသန်သလား၊ လှုပ်ရှားမှု ထိတွေ့မှုတွေကနေ သင်ယူရမှ ပိုမှတ်မိတဲ့သူလား ဆိုတာကို နားလည်ဖို့လိုပါတယ်။ ကိုယ့်စတိုင်ကို သတိမထားမိသေးဘူးဆိုရင် ကိုယ်တိုင်သတိထား လေ့လာကြည့်လို့ရသလို အွန်လိုင်းကနေ အခမဲ့ ဖြေကြည့်လို့ရပါတယ်။ ကိုယ့်စတိုင်ကို နားလည်ရင် သင်ယူဖို့အတွက် စာအုပ်တွေများများ ဖတ်ရမလား၊ အသံသွင်းထားတာတွေ နားထောင်ရလား၊ Video တွေကြည့်ရမလား၊ လက်တွေ့လှုပ်ရှားမှုပါတဲ့ သင်တန်းတွေတက်ရမလားဆိုတာကို ထိထိရောက်ရောက် ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
.
၎။ စာတွေ့လက်တွေ့ ပေါင်းစပ်ခြင်း
ဘာသာရပ်တော်တော်များများဟာ သင်ခန်းစာတွေကို လေ့လာယုံနဲ့ တကယ်တတ်မသွားပါဘူး။ လက်တွေ့လေ့ကျင့်မှုရှိမှ အမှန်တကယ်တတ်ပါတယ်။ အခုခေတ်အတွက် အထူးလိုအပ်တဲ့ Soft Skills တွေဆိုရင် စာတွေ့အနေနဲ့ ဘယ်လောက်ပဲ တတ်ပါစေ လက်တွေ့မကျင့်သုံးရင် မြင်သာထင်ရှားတဲ့ တိုးတက်မှုကို မမြင်ရပါဘူး။ ဒါ့ကြောင့် စာတွေ့အပြင် လက်တွေ့လေ့ကျင့် အသုံးချမှုတွေလည်း အများကြီး လိုအပ်ပါတယ်။
.
ကြိုတင်ပြင်ဆင်ခြင်းဖြင့် ပိုမိုထိရောက်စွာ သင်ယူနိုင်ကြပါစေ။

Dream Vs Daydream

အခုတလော လက်တွေ့သမားက ဆယ်နှစ်ကြာတဲ့အခါ လုပ်ငန်းရှင်ဖြစ်လာပြီး စိတ်ကူးယဉ်သမားက ဆယ်နှစ်အကြာမှာ ဝန်ထမ်းဖြစ်နေတယ် ဆိုတဲ့ ပုံတစ်ပုံ တွေ့နေရတယ်။ အဲဒီပုံမှာ ပြောစရာတွေ အများကြီးရှိတယ်။ အဲဒီလို တစ်ကွက်တည်းလေး ကြည့်တွေးရင် မပြည့်စုံဘူးလို့ ဆိုရမယ်။ အရင်ဆုံးပြောချင်တာက Dream နဲ့ Daydream ရဲ့ ကွာခြားမှု ... 
.
Dream ကို အိပ်မက်/ အိပ်မက်မက်တယ်လိုဘာသာပြန်ပြီး Daydream ကို စိတ်ကူးယဉ်တယ်လို့ ပြောရမယ်။ 
.
Dream = စိတ်ကူးစိတ်သန်းရှိတာ (တင်စားသုံးတော့ အိပ်မက်)
Daydream = လက်ရှိအခြေအနေက ကင်းကွာပြီး အတွေးထဲမှာ ပြန့်လွင့်တာကို ဆိုလိုတာ။
.
Dream နောက်က စနစ်တကျဖေါ်ထုတ်ထားတဲ့ Action/Work တွေလိုက်ရင် ကိုယ်ဖြစ်ချင်တာတွေ တကယ်ဖြစ်လာပါတယ်။
Daydream ဆိုတာကတော့ စုစည်းမှုမရှိ၊ ဦးတည်ရာမရှိတဲ့ စိတ်ပြန့်လွင့်ခြင်းသာဖြစ်လို့ Action တွေထွက်မလာဘူး။
.
စိတ်ကူးစိတ်သန်းကောင်းပြီး လက်တွေ့လည်း လိုက်လုပ်ခဲ့ကြတဲ့ သူတွေကြောင့် လူအများ အကျိုးခံစားကြရတယ်။ အခုတောင် ..... Thomas Edison ကြောင့် သုံးခွင့်ရတဲ့ လျှပ်စစ်မီးနဲ့ Bill Gates ရဲ့ အိပ်မက်ကြောင့် လူတိုင်းနီးပါး ဝယ်နိုင်တဲ့ ကွန်ပြူတာကို သုံးပြီး Mark Zukerberg စတင်ခဲ့တဲ့ Facebook ပေါ်ကနေ ကိစ္စပေါင်းများစွာကို ရေးကြ၊ ပြောကြ၊ (ဓါတ်ပုံ၊ ဗွီဒီယိုတွေနဲ့) ပြနေကြ တာပဲ။
.
အိပ်မက်တွေ မက်သင့်တယ်။
Dream Big - အိပ်မက်ကြီးကြီးမက်ကြပါ။ Work Hard - အလုပ်တွေလည်း လုပ်ကြပါ။
Don't Daydream - စိတ်ကူးယဉ်၊ ပြန့်လွင့်မှုတွေက အကျိုးမရှိပါ။


Passion and Career

ဒီတစ်ပါတ်သင်တန်းမှာရော မိတ်ဆွေတစ်ယောက်နဲ့ရော ပြောဖြစ်ကြတာက Passion အကြောင်း၊ Career အကြောင်း။ Passion ဆိုတာ ဆုပ်ကိုင်ပြလို့မရတဲ့ စိတ္တဇနာမ် မို့ သူ့အကြောင်းပြောရတာ အရမ်းရှုပ်အောင်ပြောလို့ မရသလို အရမ်းလွယ်လွန်းအောင် လုပ်ပစ်ရင်လည်း အယူမှားနိုင်တယ်။ တွေ့နေရတဲ့ အယူမှားလေးတွေကို အပေါ် ကိုယ့်အမြင်ကို ချိန်ဆပြီးပြောပါမယ်။
.
(၁) Passion ဆိုတာ ရှာဖွေလို့ ရသလား။
ရပါတယ်။ ဒါပေမယ့် အခုရှာ အခုတွေ့တော့ မဟုတ်ပါဘူး။ ဘာဝါသနာပါမှန်း မသိဘူး ဆိုတဲ့ လူကြီး လူငယ်တွေအတွက် ဖြေကြည့်ဖို့ မေးခွန်းတွေ၊ လုပ်ကြည့်ဖို့ လေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ ဒီခေတ်မှာ အွန်လိုင်းကနေ အခမဲ့ လုပ်ကြည့်လို့ ရတဲ့ လေ့ကျင့်ခန်းတွေတောင် အများကြီးပါ။ ပထမဆုံးအကြိမ် ဖြေကြည့်ကြတဲ့အခါ မသေမချာ မရေမရာ လိုဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးဏှောက်ကို အလုပ်ပေးရတာ ဝါသနာပါပြီး ဇွဲအတော်အတန် ရှိရင် ကိုယ့် Passion ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အဓိပ္ဗါယ်ရှိတဲ့ ဘဝကို နေထိုင်နိုင်ဖို့ ဆိုရင် ကိုယ့် Passion ကိုသိသလား၊ မသိရင် ရှာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
.
(၂) Passion ကိုသိလိုက်တာနဲ့ ဘဝကြီးပြည့်စုံ သွားမလား။
ချက်ချင်းကြီး ပြည့်စုံမသွားပါဘူး။ အနုပညာသမားတွေကို ကြည့်ရအောင်။ အနုပညာကိုမှ Passion ပါလို့ အနုပညာကိုပဲ တစ်စိုက်မတ်မတ် လုပ်ကြတဲ့သူတွေထဲမှာ အားလုံး အောင်မြင်သွားတယ်လို့ မဆိုနိုင်ဘူး။ အောင်မြင်သွားတဲ့သူတွေမှာလည်း ဘဝအခြေအနေပေါ်တည်ပြီး အနည်းနဲ့ အများ ရုန်းကန်ကြရတာပဲ။ လေးဖြူနာမည်ကြီးခါစ က အင်တာဗျူးတစ်ခု ဖတ်ဖူးတယ်။ သူဟာ သူ့ရဲ့ အနုပညာ Passion ကို ဖက်တွယ်ရင်း အများကြီး ရုန်းကန်ခဲ့ရတယ်လို့ မှတ်မိနေတယ်။
.
(၃) Passion က ဘာအတွက်အရေးကြီးသလဲ။
လူတိုင်းလည်း ကိုယ့် Passion ကို မသိချင် ကြပါဘူး။ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတဲ့သူတွေလည်း ရှိပါတယ်။ သူ့ဟာသူ ပြည့်စုံ အဆင်ပြေနေတယ်ဆိုရင် ဘဝက နေပျော်နေတာပါပဲ။ အဓိပ္ဗါယ်ရှိပြီး စိတ်ကြေနပ်မှု အပြည့်နဲ့ ဘဝကို ဖြတ်သန်းချင်တယ် ဆိုရင်တော့ Passion ကို သိဖို့လိုတယ်။ မကြိုက်မှန်းသိရဲ့နဲ့ ဆက်လုပ်နေရတဲ့ အလုပ်၊ မလိုချင်ဘဲနဲ့ ဆက်ပြီး လျှောက်လှမ်းနေရတဲ့ ဘဝ တွေကနေ တကယ် (တကယ်) ရုန်းထွက်ချင်တယ်ဆိုရင်တော့ Passion ကို သိဖို့ လိုပါတယ်။ Passion ကို သိပြီဆိုရင် မပြောဖြစ်တဲ့ စကားတွေ ပြောဖြစ်လာမယ်၊ အရင်က မရှိတဲ့ သတ္တိတွေ ရှိလာမယ်၊ ဘဝရဲ့ ပြည့်စုံမှုကို ခံစားရဖို့ ခြေတစ်လှမ်း နီးလာမယ် ဆိုတော့ သေချာပါတယ်။