Saturday, March 16, 2019

Passion and Career

ဒီတစ်ပါတ်သင်တန်းမှာရော မိတ်ဆွေတစ်ယောက်နဲ့ရော ပြောဖြစ်ကြတာက Passion အကြောင်း၊ Career အကြောင်း။ Passion ဆိုတာ ဆုပ်ကိုင်ပြလို့မရတဲ့ စိတ္တဇနာမ် မို့ သူ့အကြောင်းပြောရတာ အရမ်းရှုပ်အောင်ပြောလို့ မရသလို အရမ်းလွယ်လွန်းအောင် လုပ်ပစ်ရင်လည်း အယူမှားနိုင်တယ်။ တွေ့နေရတဲ့ အယူမှားလေးတွေကို အပေါ် ကိုယ့်အမြင်ကို ချိန်ဆပြီးပြောပါမယ်။
.
(၁) Passion ဆိုတာ ရှာဖွေလို့ ရသလား။
ရပါတယ်။ ဒါပေမယ့် အခုရှာ အခုတွေ့တော့ မဟုတ်ပါဘူး။ ဘာဝါသနာပါမှန်း မသိဘူး ဆိုတဲ့ လူကြီး လူငယ်တွေအတွက် ဖြေကြည့်ဖို့ မေးခွန်းတွေ၊ လုပ်ကြည့်ဖို့ လေ့ကျင့်ခန်းတွေ အများကြီး ရှိပါတယ်။ ဒီခေတ်မှာ အွန်လိုင်းကနေ အခမဲ့ လုပ်ကြည့်လို့ ရတဲ့ လေ့ကျင့်ခန်းတွေတောင် အများကြီးပါ။ ပထမဆုံးအကြိမ် ဖြေကြည့်ကြတဲ့အခါ မသေမချာ မရေမရာ လိုဖြစ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးဏှောက်ကို အလုပ်ပေးရတာ ဝါသနာပါပြီး ဇွဲအတော်အတန် ရှိရင် ကိုယ့် Passion ကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ အဓိပ္ဗါယ်ရှိတဲ့ ဘဝကို နေထိုင်နိုင်ဖို့ ဆိုရင် ကိုယ့် Passion ကိုသိသလား၊ မသိရင် ရှာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
.
(၂) Passion ကိုသိလိုက်တာနဲ့ ဘဝကြီးပြည့်စုံ သွားမလား။
ချက်ချင်းကြီး ပြည့်စုံမသွားပါဘူး။ အနုပညာသမားတွေကို ကြည့်ရအောင်။ အနုပညာကိုမှ Passion ပါလို့ အနုပညာကိုပဲ တစ်စိုက်မတ်မတ် လုပ်ကြတဲ့သူတွေထဲမှာ အားလုံး အောင်မြင်သွားတယ်လို့ မဆိုနိုင်ဘူး။ အောင်မြင်သွားတဲ့သူတွေမှာလည်း ဘဝအခြေအနေပေါ်တည်ပြီး အနည်းနဲ့ အများ ရုန်းကန်ကြရတာပဲ။ လေးဖြူနာမည်ကြီးခါစ က အင်တာဗျူးတစ်ခု ဖတ်ဖူးတယ်။ သူဟာ သူ့ရဲ့ အနုပညာ Passion ကို ဖက်တွယ်ရင်း အများကြီး ရုန်းကန်ခဲ့ရတယ်လို့ မှတ်မိနေတယ်။
.
(၃) Passion က ဘာအတွက်အရေးကြီးသလဲ။
လူတိုင်းလည်း ကိုယ့် Passion ကို မသိချင် ကြပါဘူး။ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတဲ့သူတွေလည်း ရှိပါတယ်။ သူ့ဟာသူ ပြည့်စုံ အဆင်ပြေနေတယ်ဆိုရင် ဘဝက နေပျော်နေတာပါပဲ။ အဓိပ္ဗါယ်ရှိပြီး စိတ်ကြေနပ်မှု အပြည့်နဲ့ ဘဝကို ဖြတ်သန်းချင်တယ် ဆိုရင်တော့ Passion ကို သိဖို့လိုတယ်။ မကြိုက်မှန်းသိရဲ့နဲ့ ဆက်လုပ်နေရတဲ့ အလုပ်၊ မလိုချင်ဘဲနဲ့ ဆက်ပြီး လျှောက်လှမ်းနေရတဲ့ ဘဝ တွေကနေ တကယ် (တကယ်) ရုန်းထွက်ချင်တယ်ဆိုရင်တော့ Passion ကို သိဖို့ လိုပါတယ်။ Passion ကို သိပြီဆိုရင် မပြောဖြစ်တဲ့ စကားတွေ ပြောဖြစ်လာမယ်၊ အရင်က မရှိတဲ့ သတ္တိတွေ ရှိလာမယ်၊ ဘဝရဲ့ ပြည့်စုံမှုကို ခံစားရဖို့ ခြေတစ်လှမ်း နီးလာမယ် ဆိုတော့ သေချာပါတယ်။

No comments: