Wednesday, November 18, 2009

အကျကောင်းအောင် .....

အကြီးမဆီကရတဲ့  အကြံလေးနဲ့  အကျကောင်းအောင်ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ စိတ်ထဲရှိတာလေးတွေ ရေးကြည့် မယ်နော်။ ပထမဆုံး "အကျ" ဆိုတာကို တိတိကျကျ ပြောကြည့် ရရင် သဘာဝအရ ရှောင်လို့ မရတဲ့  အကျနဲ့  ကိုယ့် အပြုအမူ စိတ်နေစိတ်ထား တွေကြောင့်  ကိုယ့် ဒုက္ခကိုယ်ရှာသလို ဖြစ်ပြီးကျတဲ့ အကျ ကိုတော့ ခွဲမြင်ရလိမ့် မယ်။ သဘာဝအရကျတဲ့ အကျက ကျန်းမာ ရေးယိုယွင်းတာမျိုး၊ သဘာဝဘေးအန္တရာယ်တွေကြောင့် ပစ္စည်းဥစ္စာ ဆုံးရှူံးရတာမျိုးပေါ့ ။ ဒါတွေကတော့ ဘယ်သူမဆို ရှောင်လို့  မရဘူး။ အောက်ခြေလွတ်လို့  ၊ ကိုယ်အနေမတတ်လို့ ကျတဲ့ အကျတွေ ကတော့ ရှောင်ကြဉ်လို့ ရတဲ့  အကျတွေပေါ့ ။ ဒီစာတို လေးထဲမှာ တော့  ရှောင်လို့ ရတဲ့ အကြောင်းတွေပဲ အရင်ရေးချင်ပါတယ်။

အကျမနာ ဖို့ အဓိကအလိုအပ်ဆုံးက အောက်ခြေမလွတ်ဖို့ ဖြစ်မယ်ထင်တယ်။ ငယ်ငယ်တုန်းက သင်ရတဲ့  ဇီးသီးသည်မဗျိုင်းကိုမှတ်မိ တယ်မဟုတ်လား။ ကိုယ်အမြင်မှာတော့ မဗျိုင်းသာ ကျခဲ့ ရင် အကျတော်တော်နာမယ်လို့ ထင်တာပဲ။ ကိုယ့် ရဲ့ ဇာတိ ဇစ်မြစ်ကို မမေ့ဖို့  အောက်ခြေမလွတ်ဖို့ တို့ က မိသားစုနဲ့ ခွဲပြီး နိုင်ငံရပ်ခြားမှာ နေပြီး အလုပ်တွေပင်ပင်ပန်းပန်း လုပ်နေရတဲ့ ဘ၀မှာ မိဘနဲ့ ကိုယ့် ပြည် ကိုယ့် ရွာမှာနေစဉ်ကထက် ပိုခက်မယ်ထင်တယ်။ အရင်ကထက်နည်းနည်းပိုရှာနိုင်လာတယ်။ ကိုယ်လုပ်ချင်တာလေးတွေ ဖြစ်ချင်တာလေးတွေကလည်း အကောင်အထည်ပေါ်လာပြီ ဆိုတော့ အောက်ခြေလွတ်ချင်တဲ့  အတွေးလေးတွေစိတ်ထဲမှာ စရှိချင်လည်းရှိလာနိုင်တယ်လေ။

ဘေးပါတ်ဝန်းကျင်မှာ ရှိတဲ့ သုံးချင် ဖြုန်းချင် စရာတွေကလည်း ပေါများတယ်။ အရင်ကသုံးနေကျတွေထက် ပိုကောင်းတာတွေကိုလည်း သုံးတတ်လာပြီ။ အဲဒီအခါ ပါတ်ဝန်းကျင်အသစ်မှာ ကိုယ့်လောက် အကြောင်းမသင့် သေးလို့ အလုပ်ခွင်မှာ လက်စွမ်းမပြနိုင်သေးတဲ့ သူတွေ၊ ကိုယ့် လောက်မသုံး စွဲနိုင်သေးတဲ့ သူတွေ နဲ့ ထိတွေ့ ဆက်ဆံရတဲ့  အခါ အထင်သေးအမြင်သေး ပြောဆို ဆက်ဆံမိတဲ့ အခါ မျိုးတွေရှိတတ်တယ်။ သူငယ်ချင်း အချင်းချင်းတောင်မှ ခွဲခွဲခြားခြား ဆက်ဆံတတ်တာ မျိုးတွေ ဖြစ်တတ်တယ်။ အထူးသဖြင့် တော့  လမ်းသွားရင်း ကိုယ့် လူမျိုးတစ်ချို့ အနေအထိုင်အချိုးမကျတာ တွေ့ ရင် သူတို့ ကို နှိမ့် ချပြောဆိုလို စိတ်တွေဖြစ်တတ်တယ်။ စိတ်ထဲမှာ ဖြစ်ရုံလောက်နဲ့ ကတော့  ဘယ်သူ့ မှ မထိခိုက်ပါဘူး။ သူတို့ တွေနဲ့ ရောရောနှောနှော မလုပ်ချင်ရင်လည်း ဘာမှမဖြစ်သေးဘူး။ မဲ့ ကာရွဲ့  ကာနဲ့ (သူငယ်ချင်းနဲ့ ပဲဖြစ်ဖြစ်) အတင်းပြောတာမျိုးလောက်ထိ မဖြစ်ဖို့ တော့ လိုမယ်ထင်တယ်။

နှစ်တော်တော်ကြာကြာ တိုင်းတပါးမှာနေဘူးလာတဲ့ အခါ ကိုယ့် နိုင်ငံဘယ်လောက်တောင်မှ နောက်မှာကျန်ခဲ့ ပြီလည်း ဆိုတာကို ပိုပြီးသိ သိသာသာ မြင်တတ်လာပါပြီ။ ကိုယ်နေတဲ့ တိုင်းပြည်ရဲ့ အုပ်ချုပ်မှု ယန္တရားတွေ ကိုနားလည်တတ်လာပြီ။ သူတို့ နိုင်ငံမှာ ဘယ်လောက် ထိထိရောက် ရောက်မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်သလဲဆိုတာတွေကိုလည်း သိလာပြီ။ ကိုယ့် ရဲ့ အခွင့် အရေးဆိုတာကိုလည်း တောင်း တတ်လာပြီ။ တစ်နှစ်တစ်ခေါက်လောက် အိမ်ပြန်တဲ့အခါ ကိုယ့် စိတ်ကြိုက်လုပ်လို့ မရတာတွေကို လည်းကြုံတွေ့ ရတတ်တယ် ဆိုတော့ အလကားနေရင်း ကိုယ့် ဇာတိရပ်ရွာကို အထင်သေးအမြင်သေးစိတ်တွေ ကလည်း အကြောင်းသေးသေးလေး တိုက်ဆိုင်တာနဲ့  ခရားရေ လွှတ် ပြောတော့ တာမျိုး မဖြစ်ဖို့ လည်း နည်းနည်းထိမ်းသိမ်းဖို့ လိုမယ်ထင်ပါတယ်။

နောက်တစ်မျိုးက ကိုယ့် ရပ်ကိုယ့် ရွာပြန်တဲ့ အခါ ရပ်ကွက်ထဲက လမ်းဘေးဈေးသည်ရော ၊ ဆိုက္ကားသမားပါမကျန် စကားလမ်းကြောင်း တိုက်ဆိုင်ဆိုင် မဆိုင်ဆိုင် "ဟိုမှာဆိုရင် ... " နဲ့ အစချီပြီး ကိုယ်အလုပ်လုပ်နေ ၊ ခေတ္တနေတဲ့ တိုင်းပြည်ကို နတ်ဘုံ နတ်နန်းတမျှ အမွှန်း တင်ပြောဆိုတာမျိုးဟာလည်း "အောက်ခြေလွတ်ခြင်းရောဂါ" ရဲ့လက္ခဏာတွေထဲက တစ်ပါးပါဘဲ။

ဒီလိုပြောလို့ ကိုယ့် ဟာကိုယ် အောက်ခြေလွတ်တာ သူများမှမထိခိုက်တာလို့ ပြောမယ်ဆိုလည်း ပြောလို့ ရပါတယ်။ သူများကို မထိခိုက် သော်လည်း ကိုယ့် ကိုကိုယ် တော့ တော်တော်ကြီးကို ထိခိုက်ပါတယ်။ ကိုယ့် ဇစ်မြစ်ကို ဖွင့် မပြလိုတာ၊ မွေးဖွားရာ ဇာတိကို၊ ဖြစ်နိုင်ရင် လူသိမခံချင်တာ၊ ငါကသူတို့ နဲ့ တစ်နိုင်ငံထဲကလာပေမယ့်  သူတို့ လိုမဟုတ်ဘူးဆိုတာ ကို တည့် တည့် တစ်မျိုး၊ သွယ်ဝိုက်ပြီး တစ်ဖုံ ထုတ်ဖေါ်ပြောဆိုတတ်တာ တွေဟာ Identity Crisis လို့ ခေါ်တဲ့  ကိုယ့် ရဲ့  အတွင်းစိတ်ထဲမှာ ပဋိပက္ခဖြစ်ခြင်းရဲ့ လက္ခဏာတွေပါ။

အတွင်းစိတ် ထဲမှာ ပဋိပက္ခဖြစ်တဲ့အခါ ကိုယ့် ဓလေ့ ထုံးတမ်းစဉ်လာတွေကို ပယ်ဖို့ ကြိုးစားလာတတ် ပါတယ်။ ကိုယ့် စိတ်ထဲက ကြိတ်ပြီးအားကျနေတဲ့ သူတွေနဲ့ မတူတူအောင်ကြိုးစားပြီး နေပါတယ်။ ငါက တစ်မြေတည်းက လာပေမယ့်  သူတို့ တွေနဲ့  တူတာမဟုတ်ဘူး ဆိုတာကို လူမသိသိအောင် ပြပါတယ်။ ဒီလို အခြေနေမျိုးမှာ (ကိုယ့် အမြင်မှာ တော့ ) စိတ်ရဲ့ လွပ်လပ်ခြင်းဆုံးရှုံးပါတယ်။ ကိုယ်အားကျတဲ့ သူတွေ လုပ်သမျှ လိုက် လုပ်နိုင်အောင် ကြိုးစားရင်းနဲ့  အထက်မရောက် အောက်မကျဖြစ်တတ်ပါတယ်။ ဒီလို နဲ့ ဒေါင်းယောင်ဆောင် သောကျီးဘ၀ရောက်ရင် မခက်ပါလား။ လူဆိုတာ Social Animal လို့ ပြောတယ်မဟုတ်လား။ လူ့ အ၀န်းအ၀ိုင်းနဲ့ ဝင်မဆန့် တဲ့ အခါ စိတ်ညှိုးငယ်ပင်ပန်း ရတတ် တယ်။ အခက်အခဲနဲ့ တွေ့ ရင် လွယ်လွယ်နဲ့  စိတ်ဓါတ်ကျတတ်တယ်။ တူညီတဲ့  အခက်အခဲ တစ်ခုကို အတူတူ ကျော်ဖြတ်ဖို့ ကြိုး စားကြ ရင် စိတ်ဓါတ်ခိုင်မာသော၊ ကိုယ့် ဘ၀ကို အမှန်အတိုင်း မြင်သော သူတွေက အောင်မြင်ဖို့ ပိုများတယ်။

ဒီတော့  အကျမနာဖို့ ၊ အကျသက်သာဖို့ ဆိုရင် အောက်ခြေမလွတ် အောင်နေရမယ်လို့ ထင်တာပါပဲ။ ဒါကကိုယ့် ရဲ့ အမြင်ပါ။ လွတ်လပ် စွာ သဘောထားကွဲလွဲလို့ ရပါတယ်။

Sunday, November 15, 2009

လှေခါးတက်ခြင်း အနုပညာ

Bukit Timah တောင်ကို ပထမဆုံးရောက်ဖူးတာကတော့  သူငယ်ချင်းတွေတစ်အုပ်ကြီးနဲ့ ပေါ့ ။ စားစရာသောက်စရာတွေနဲ့  ကျကျနန ကိုသွားတာ။ တောင်ထိပ်ထိတက်ပြီး ပြန်ဆင်း၊ တစ်ဝက်မရှိတရှိလောက်က တဲလေးမှာ အုပ်စုလိုက် စားသောက်နေတုန်းလူတွေ ခဏခဏ ကြည့် တော့ ဘာလို့ ကြည့် ပါလိမ့် လို့ ထင်တာ။ အောက်ကို ပြန်ရောက်တော့ မှ အစားမစားရ၊ တိရိစ္ဆာန်တွေကို အစာမကျွေးရ ဆိုတဲ့  ဆိုင်းဘုတ်တွေကို သတိထားမိတော့ တယ်။ တော်ပါသေးရဲ့  ဒါဏ်ရိုက်မခံရလို့ ။ ဟိုတုန်းက ဓါတ်ပုံတွေကို ပြန်ကြည့် မိတော့ ၆နှစ် ရနှစ် လောက်အတွင်းမှာ ကိုယ်ဘယ်လောက် ပြောင်းလဲရင့် ကျက်သွားသလဲ ဆိုတာသတိမထားပဲကို မနေနိုင်ဘူး။

နောက်ပိုင်းမှာတော့  Bukit Timah တောင်ပေါ်ကို သူငယ်ချင်းတွေနဲ့ ပဲဖြစ်ဖြစ်၊ တစ်ယောက်ထဲပဲဖြစ်ဖြစ် အကြိမ် တော်တော်များများ ရောက်ဖြစ်တယ်။ အမြဲတမ်း စိတ်ရောကိုယ်ပါအနားမရတဲ့  အလုပ်ပတ်ဝန်းကျင်ကိုမေ့ ထားပြီး တောထဲတောင်ထဲမှာ တိတ်တိတ် ဆိတ်ဆိတ် လမ်းလျှောက်ရတာ သဘောကျတယ်။ စင်္ကာပူမှာမနေဖြစ်တော့ရင် တော်တော်လွမ်းမိမဲ့ အရာတွေထဲမှာ ဒီတောင်ကလည်း တစ်ခုအပါအ၀င်ပဲ။ တောင်တက်တိုင်းလည်း တိတ်တိတ်ဆိတ်ဆိတ် နဲ့ စိတ်ငြိမ်းငြိမ်းချမ်းချမ်းရှိရတာကို ကြိုက်တာကလွဲပြီး ရည်ရွယ်ချက် ထူးထူးခြားခြားတော့ မရှိခဲ့ ပါဘူး။

ဒီနေ့ တော့ Bukit Timah ကိုနောက်တစ်ခေါက်ရောက်ဖြစ်တယ်။ ဒီတစ်ခါတော့ ရည်မှန်းချက်တစ်ခုနဲ့ ဆိုပါတော့ ။ ပေတစ်သောင်းသုံး ထောင် ကျော်မြင့် တဲ့  Mount Kinabalu ကိုတက်ဖို့ ပြင်ဆင်တဲ့ သူတွေနဲ့ အတူ ကိုယ် Kota Kinabalu ကို သွားဖြစ်ခဲ့ ရင် ဆိုပြီး သူတို့ လေ့  ကျင့် သလောက်လိုက်ကျင့် ဖို့ ပါ။ မသွားခင်က ၂နာရီလောက်ကြာမယ်ဆိုတာတော့  သိပါရဲ့ ဘယ်လမ်းကို ဘယ်လိုလျှောက်မယ် ဆိုတာ လောက်ထိတော့ မမေးမိဘူး။ ဟိုရောက်လို့ တစ်နာရီလောက်လျှောက်ပြီးတော့ မှ လားလား လှေခါးထစ်တွေအများကြီးကို တက်လိုက် ဆင်းလိုက် နိုင်သလောက် လုပ်မတဲ့ ။ ရောက်ပြီးမှတော့ လည်းအားမရှော့ သင့် ပါဘူးလေဆိုပြီး မျက်စေ့ မှိတ်ပြီး ရတယ် လို့  ပြောရ တော့  တာ ပေါ့ ။ စိတ်ထဲမှာ သိပ်ပင်ပန်းမနေအောင် တက်ရင်းဆင်းရင်းနဲ့  လှေခါးထစ်တွေကို ရေမိတော့  အားလုံး အထစ်ပေါင်း ၂၄၀ ရှိပါတယ်။ ၃ကြိမ်တက်ပြီး ၂ကြိမ်ဆင်းလာတာ ဆိုတော့  လှေခါးထစ်ပေါင်း ၇၂၀ တက်ပြီး ၄၈၀ ဆင်းလာတာပေါ့ နော်။ ဘယ်လိုဖြစ်ပြီး အတက်နဲ့  အဆင်းမတူရတာလဲ လို့  မမေးနဲ့ ဦးနော်။ အဲဒီနေရာ ကို ကျော်ပြီး တော့ မြေလမ်းအတိုင်း ဆင်းလိုက်တက်လိုက်နဲ့  မရေမိတဲ့  လှေခါး ထစ်ပေါင်းများစွာ ရယ် နောက်တစ်နေရာမှာ အထစ်ပေါင်း ၁၈၀ ကျော်ရယ် ထပ်ဆင်းရသေးတယ်။ တစ်သက်လုံး တက်ဖူးသမျှ လှေခါးထစ်တွေ အားလုံး ပေါင်းရင်တောင် ဒီလောက်ရှိပါ့ မလားပဲ။ ဒီလှေခါးထစ် ၂၄၀ ကတော့ အထူးလေ့ ကျင့်တဲ့ နေရာပေါ့ ။

ပထမတစ်ခေါက်တက်တုန်းက လှေခါးထစ်ရေပြီးတော့ နောက်အခေါက်တွေ တက်လိုက်ဆင်းလိုက် လုပ်ရင်း စိတ်သိပ်မပင်ပန်းအောင် လှေခါးတက်ခြင်း အလုပ်ကို သေသေချာချာ လေ့ လာတော့တာပါပဲ။ သူကလည်းစာလိုရေးမယ်ဆို ရင် အနုပညာတစ်ခုပဲလို့ ရေးလို့  ရတယ်။ ဘ၀နဲ့ လည်းနှိုင်းယှဉ်လို့  ရတာပဲ။ လှေခါးထစ်တွေတက်တဲ့ အခါ အဓိကလိုအပ်တာက သက်လုံ။ မောလာတဲ့ အခါ နည်းနည်း လေး သည်းခံပြီး ဆက်တက်ဖို့ ၊ ဒါပေမယ့် ကိုယ်ခန္ဒာက နားဖို့ တကယ်လိုလာတဲ့ အခါ နားဖြစ်အောင် နားဖို့ ၊ ရောက်ချင်ဇောကြီးပြီ့း အရမ်း တက်မိလို့ အမောဆို့ မနေအောင် လည်း ဂရုစိုက်ရပါတယ်။ ဘ၀မှာလည်းပဲ ရှေ့ ကိုပင်ပင်ပန်းပန်းတက်ဖို့ လိုအပ်နေတဲ့ အခါ သက်လုံကောင်းဖို့  လိုတာ ပဲမဟုတ်လား။ ဆက်တက်ရမှာလား ပြန်ဆင်းရမှာလားဆိုတာ ကိုလည်း ဥာဏ်နဲ့ ယှဉ်ပြီးဆုံးဖြတ်ရတာပဲ။ တစ်ခါတစ်လေ ပြန်ဆင်းရင်ပိုဆိုးမှာမို့ လို့  မျက်စေ့ မှိတ်ပြီးတက်လိုက်ရတဲ့ အခါတွေလည်းရှိလေရဲ့ ။ (ဒီကိုရောက်ခါစက ပြန်ဆင်းလို့  မရတဲ့ လှေခါး တစ်ဆင့် ကိုတက်မိသလို ခံစားရတယ်။)

လှေခါးဆင်းဖို့ ကျတော့  ကြွက်သားအင်အားတွေနဲ့  သတိကအရေးအကြီးဆုံး။ အတက်ကမောသလို အဆင်းကအန္တရာယ်ကြီးတယ် လေ။ ဘ၀ဆိုတာလည်းအတက်ကအားလို သလို အကျမှာ သတိရှိဖို့ အရေးကြီးပါတယ်။ ဘယ်လောက်ချမ်းသာကြွယ်ဝတဲ့ မိဘကမွေး ဖွားလာလာ ၊ ဘယ်လောက်ဥာဏ်ပညာကြီးတဲ့ သူဆီက ပညာသင်ရသင်ရ အကျမရှိတဲ့ ဘ၀ဆိုတာ တော့ ရှိမယ်မထင်ပါဘူး။ ကျတဲ့ အခါ သတိရှိရှိနဲ့  ကြောင်ကျကျ အောင် ထိမ်းတတ်ဖို့ ကသာ အဓိကပါ။

ဒီဘလော့ ဂ်ကိုရေးမယ်လုပ်တော့  ဟိုဟိုဒီဒီ လျှောက်ရှာကြည့် ရင်းနဲ့ လှေခါးတက်/ဆင်းခြင်းရဲ့ အကျိုးကျေးဇူးတွေတွေ့  လာတယ်။ ကိုယ်အမှတ်တမဲ့ တွေ့ ထားတာလေး သူငယ်ချင်းတွေယူသုံးချင်သုံး ရအောင်လို့ ထပ်ထည့် ရေးလိုက်ပါတယ်။ မက်ဒေါနားဟာ ခရီးတွေထွက်ရလို့  လေ့ ကျင့်ခန်းမလုပ်နိုင်တဲ့ အခါတွေမှာ တစ်နေ့ ကို လှေခါးထစ်ပေါင်း ၅၀၀ အတက်အဆင်းလုပ်ပါ သတဲ့ ။ ၀က် ဆိုက်တော်တော်များများမှာ လှေခါးတက်/ဆင်းခြင်းဟာ ထိခိုက်ဒါဏ်ရာရမှု နည်းပြီး လူကို အမြဲ အားအင် အပြည့်  ရှိနေစေတယ် ၊ ကိုယ်အလေးချိန်မြန်မြန်ကျစေတယ်လို့ ရေးထား တာ တွေ့ ရပါတယ်။ အချိန်အနည်းဆုံးသုံးပြီး အကျိုးများတဲ့ လေ့ ကျင့် ခန်းလို့  ညွှန်းထားတာတွေလည်း တွေ့ ရပါတယ်။ ဘီဘီစီ ပရိုဂရမ်တစ်ခု မှာတော့  လှေခါးတက်/ဆင်း ခြင်းဟာ အသက်ရှည်စေတယ်လို့ တောင် ရေးထားပါတယ်။ လှေခါးတက်/ဆင်းစဉ်မှာ လိုက်နာသင့် တာတွေက တော့ 

၁) တက်တဲ့ အခါ ခါးဖြောင့် ဖြောင့် ထားပြီး ခန္တာကိုယ်ကို အနည်းငယ်ရှေ့ သို့ အားပြုထားပါ။
၂) အောက်ကိုခဏခဏ ငုံ့ မကြည့် ဘဲ၊ ရှေ့ ကလှေခါးထစ်တွေကို ကြည့် ပါ။
၃) ခြေဖ၀ါးတစ်ပြင်လုံး လှေခါးထစ်ပေါ် ချပြီးမှ ခန္တာကိုယ်ကို မ တင်ပါ။
၎) အပေါ်ကိုလှမ်းတက်ပြီးတဲ့ အခါ ဒူးကို ခပ်ပြင်းပြင်းဆွဲ မဆန့် မိပါစေနဲ့ ။
၅) ဖနောင့် တစ်စိတ်တစ်ပိုင်း လွှတ်ပြီး လှေခါးမတက်ပါနဲ့ ။ ခြေမျက်စေ့ က အရွတ်တွေကို ထိခိုက်တတ်ပါတယ်။
၆) လှေခါးမတက်ခင်၊ တက်ဆဲ နဲ့  တက်ပြီးတွေ မှာ ရေ၀အောင်သောက်ပါ။
၇) ခေါင်းထဲမှာ မူးလာတာ၊ ခြေသိပ်မခိုင်တော့ ဘူးလို့  ခံစားရတာ၊ အံချင်သလိုဖြစ်လာတာတွေဟာ အန္တရာယ်ဖြစ်နိုင်ချေ နီးလာပြီလို့  အချက်ပေးနေတာပါ။ အဲဒါတွေခံစားလာရရင် ရပ်ပါ။
၈) ခန္တာကိုယ်မှာ အနာတရမဖြစ်ဖို့  လှေခါးတက်တာနဲ့  လမ်းလျှောက်တာ၊ ခပ်ဖွဖွ ပြေးတာတွေကို တလှည့် စီလုပ်ပါ။

အနှစ်ချုပ်လိုက်တော့  အလုပ်များလို့ အားကစားမလုပ်ဖြစ်တာပါ လို့ ဆင်ခြေပေးတတ်တာ၊ ရုံးမှာလှေခါးလေးနှစ်ဆင့် ကို ဓါတ်လှေခါးနဲ့  တက်တာတွေ ကို ပြန်လည်ဆင်ခြင် သုံးသပ်ဦးမှပါပဲလေ လို့ တွေးနေမိပါကြောင်း ။