Sunday, January 13, 2019

အသက် (၆၀) ဆိုတာ မအိုသေးပါ


#Retirement-1 - အသက် (၆၀) ဆိုတာ မအိုသေးပါ။
ငယ်စဉ်က မြန်မာစကားနဲ့ ပင်စင်ယူတယ် ဆိုတာကို ရပ်ဆိုင်းခြင်းတွေနဲ့ တွဲပြီး နားလည်ခဲ့ဘူးတယ်။ လူတစ်ယောက် ပင်စင်ယူတဲ့အခါ အလုပ်တွေရပ်သွားမယ်။ တာဝန်တွေနဲ့အတူ ရာထူးရာခံ နဲ့ ခံစားခွင့်တွေပါ ရပ်သွားမယ်။ လောကအတွက် ပါဝင်လုပ်ဆောင်နေတာတွေလည်း ရပ်သွားမယ်။ ဒီလိုနားလည်ခဲ့တယ်။ ပါတ်ဝန်းကျင်မှာလည်း ဒီလိုပဲ အတွေ့ရများတာကိုး။ အားလုံးရပ်သွားလို့ တစ်ချို့ပင်စင်စားတွေ စိတ်ဓါတ်ကျသွားတာတောင် မြင်ဘူးခဲ့တယ်။

တကယ်က အလုပ်နားလိုက်တာ (Retirement) နဲ့ ပင်စင် (Pasion) ဟာ သီးခြားစီဖြစ်တယ်။ အလုပ်ရပ်တဲ့အခါ သူ့အလုပ်ကို အသိအမှတ်ပြုလို့၊ သူ့ရဲ့ဆက်လျှောက်ရဦးမယ့် ဘဝခရီးလမ်းမှာ သုံးဖို့ ငွေပမာဏတစ်ခု သတ်မှတ်ပြီး အလုပ်ရှင်က ဆက်ချီးမြှင့်တာပဲ။ အလုပ်လုပ်တာရပ်တိုင်း ပင်စင်ရတာမဟုတ်ဘူး။ ဟိုးအရင်ကတော့ ဂျပန်ကုမ္ဗဏီတွေနဲ့ Nestle တို့လို ရေရှည်ခိုင်ခံ့တဲ့ အလုပ်တွေမှာ ပင်စင်ပေးတယ်လို့ ကြားဖူးတယ်။ အခုခေတ်မှာတော့ အစိုးရအလုပ်ကလွဲရင် ပင်စင်ပေးတဲ့အလုပ် သိပ်မရှိတော့ဘူး။

နိုင်ငံတစ်ခုဟာ တရားဝင် အလုပ်နားတဲ့ အသက်ကို သတ်မှတ်သလို၊ လူတစ်ယောက်ဟာလည်း မိမိ အလုပ်နားတဲ့ အသက်ကို ရွေးချယ်သတ်မှတ်နိုင်တယ်။ နိုင်ငံတွေမှာ တရားဝင် အလုပ်နားတဲ့ အသက် (Official Retirement Age) ကို ဆုံးဖြတ်တာကလည်း လူ့သက်တမ်း (Life Expectency)၊ နိုင်ငံရဲ့ ဖွံ့ဖြိုးမှု၊ အလုပ်လုပ်နေတဲ့ လူထု စတာတွေနဲ့ ချိန်ထားတာကိုး။ အင်တာနက်မှာတော့  တရားဝင် အလုပ်နားတဲ့အသက်ဟာ အနည်းဆုံး ၅၅ နှစ် ကနေ အများဆုံး ၆၇/၆၈ နှစ်အထိတွေ့ရတယ်။ တရားဝင်အလုပ်နားတဲ့ အသက်နဲ့ လူအများစု အလုပ်နားတဲ့အသက်ကို နှိုင်းယှဉ်ပြီး စစ်တမ်းကောက်ထားတာတွေလည်း အများကြီးပဲ။

အသက် (၆၀) ဆိုတာ မအိုသေးပါဘူး။ အသက်ရှည်ကျန်းမာဖို့ဆိုတာ ငွေကြေးပြည့်စုံမှုအပြင် ပါတ်ဝန်းကျင်သန့်ရှင်းမှု၊ ဆေးပညာထွန်းကားမှု၊ ကိုယ့်ရဲ့ ကျန်းမာရေးအသိပညာရှိမှုတွေကလည်း လူတစ်ယောက် ဘယ်လောက်အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာနေရမလဲ ဆိုတာအပေါ် လွှမ်းမိုးမှု အများကြီး ရှိပါတယ်။ အလုပ်ဖက်ကကြည့်ရင်လည်း အလုပ်ခွင် အကြောင်းကို ကြေကြေညက်ညက် သိထားတဲ့အသိတွေ၊ အလုပ်သက်တမ်းတစ်လျှောက် စုဆောင်းခဲ့တဲ့ အသိပညာတွေ၊ လက်တွေ့ လုပ်ကြည့်ပြီးမှ ကျွမ်းကျင်လာတဲ့ အတတ်ပညာတွေ၊ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ အလုပ်နဲ့ ပါတ်သက်တဲ့ လူမှုကွန်ယက်တွေ အားလုံးကိုပစ်ချထားပြီး ဘာမှမလုပ်ဘဲ နေလိုက်ဖို့ ဆိုတာ နှမျောစရာကောင်းလွန်းပါတယ်။
အသက် (၆၀) ဆိုတာ လောကကို ပေးဆပ်လို့ကောင်းတုန်းပဲရှိပါသေးတယ်။ ဘဝဇာတ်ခုံပေါ်မှာ ကိုယ်ယုံကြည်ရာ ဘာသာတရား အဆုံးအမတွေအတိုင်းနေထိုင်ပြီး နောက်အခန်းအတွက် ပြင်ဆင်ရင်းနဲ့ ခုအခန်းမှာလည်း ယူမယ့်သူတွေရှာဖွေပြီး ဆက်ပေးဆပ်နေရင်တော့ ဘဝဟာ ပိုပြီးအဓိပ္ဗါယ်ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

#Retirement-2 (အလုပ်ရပ်နားခြင်းရဲ့ အခြားရှုထောင့်တစ်ဖက်)
ကိုယ်တိုင်အလုပ်စလုပ်တဲ့အခါ ပထမဆုံးလုပ်ဖူးတဲ့အလုပ်တွေက စာသင်တာတို့၊ ဈေးရောင်းတာတို့၊ အိမ်မှာပဲ လုပ်တဲ့လက်မှုလုပ်ငန်းတို့ ဆိုတော့ ငါ့အလုပ်တွေကတော့ ပင်စင်ပေးမယ့်သူလည်းမရှိဘူး။ retirement ဆိုတာလည်း လုပ်ကိုလုပ်ရမယ် ဆိုတာမျိုးတော့ မဟုတ်ဘူးလို့ တွေးမိတယ်။

ဝန်ထမ်းအဖြစ် သက်မွေးဝမ်းကျောင်းပြုပြီး ဆယ်နှစ်လောက်အကြာမှာ လူနေမှုအဆင့်အတန်းမြင့်သလောက် နေစားရိတ်၊ စားစားရိတ်လည်း ကြီးတဲ့ စင်ကာပူက Retirement အကြောင်းရေးတာ၊ ပြောတာတွေသိလာရပြန်တယ်။ သူတို့ဆီမှာ အလုပ်အများစုက ပင်စင်မပေးတော့ ပင်စင်ယူတာနဲ့ Retirement ကို ခွဲပြီး စဉ်းစားတယ်။ Retirement ဆိုတာက အလုပ်လုပ်နေတာကို ရပ်တားတာဖြစ်ပြီး ပင်စင်ဆိုတာက အလုပ်မရှိတော့တဲ့အခါ ဝင်ငွေဆက်ရနေဖို့ စီစဉ်မှုတွေ ဖြစ်တယ်။
အစိုးရပေါ်လစီက ယေဘူယျအားဖြင့် အလုပ်လုပ်တဲ့လူတိုင်း ဝင်ငွေရဲ့ ၁၂% - ၁၃% လောက်ကို အစိုးရလက်ထဲမှာ စုခိုင်းထားတယ်။ အဲဒီစုငွေထဲကို အလုပ်ရှင်က ၂၀% ပါတ်ဝန်းကျင်လောက် ထည့်ပေးရတယ်။ ရာခိုင်နှုန်းက နိုင်ငံရဲ့စီးပွားရေး အတက်အကျပေါ် တည်ပြီး အနည်းငယ်ပြောင်းလဲပေမယ့် ဒါဟာ သူ့နိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်သူ PR တွေအတွက် မလုပ်မနေရ ကိုယ့်ပင်စင်ကိုယ်စု ဆိုတဲ့ သဘောပဲ။ အဲဒီစုငွေထဲက အိမ်ဝယ်လို့ရတယ်။ (အချို့) ပညာရေးကိစ္စတွေအတွက် သုံးလို့ရတယ်။ Retire လုပ်တဲ့အခါ သုံးဖို့ အနည်းဆုံးဘယ်လောက်တော့ ကျန်နေရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေလည်းရှိတယ်။ အသက် ၅၅ နှစ်ကစပြီး ပြန်ထုတ်ယူလို့ရမယ်။ ထုတ်ယူတဲ့ နည်းလမ်းတွေကလည်း အမျိုးမျိုးသတ်မှတ်ထားတယ်။ ထားပါ ဒီအသေးစိတ်တွေက အဓိက ပြောချင်တာမဟုတ်ပါဘူး။ Retirement ဆိုတာ (ဝါသနာပါပါ မပါပါ) ငွေအတွက် အလုပ်လုပ်တာကို ရပ်နားတယ်လို့ အဓိပ္ဗါယ်ဖွင့်နိုင်တယ်။

Retire သွားတယ်ဆိုတာ ငွေအရှာရပ်တာ ဆိုရင် ငွေမရှာတော့ရင် ဘာတွေလုပ်နေရမလဲလို့ မေးစရာရှိလာတယ်။ ငွေမရှာတော့ပေမယ့် အလုပ်ဆက်လုပ်တဲ့သူတွေက ဝါသနာပါတာတွေကို လုပ်ကြပါတယ်။ အသက်ခြောက်ဆယ်ကျော်မှာ အချိန်ပြည့် ဝန်ထမ်းဘဝက ရပ်နားလိုက်တဲ့ မိတ်ဆွေတစ်ယောက်က အချိန်ပိုင်း ကထိကအဖြစ် စာဆက်သင်ပြီး နောက်တစ်ယောက်ကတော့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောင့်တဲ့ ဂေဟာမှာ ကြီးကြပ်သူအဖြစ် တာဝန်ယူပါတယ်။ နောက်တစ်ယောက်ကတော့ မူးယစ်ဆေးဝါးကြောင့် လမ်းမှားရောက်နေတဲ့ လူငယ်လူရွယ်တွေကို သူတို့မိသားစုအပါအဝင် ပါတ်ဝန်းကျင်နဲ့ ဘယ်လိုပြန်ပြီး ချိတ်ဆက်မလဲ၊ အလုပ်ဘယ်လိုရှာမလဲ၊ မူးယစ်ဆေးဝါးနဲ့ကင်းအောင် ဘယ်လိုနေမလဲ ဆိုတာတွေကို Public Speaking Class ကနေတစ်ဆင့် သင်ပေးတဲ့ စေတနာ့ဝန်ထမ်းလုပ်ပါတယ်။ ကျွန်မဘဝကို အပြောင်းအလဲဖြစ်အောင် စိတ်ကူးစိတ်သန်းအသစ်တွေ ပေးခဲ့တဲ့ သတင်းစာဆရာ၊ စာရေးဆရာ လူထုစိန်ဝင်းကတော့ အသက် ခုနစ်ဆယ်ကျော်တဲ့အထိ အောက်စီဂျင်ပိုက် တန်းလန်းနဲ့ Feeling, Mood & Action ဆိုတဲ့ စကားပြော သင်တန်းဖွင့်ပြီး လူငယ်တွေကို အင်္ဂလိပ်စကားပြောသင်ရင်း စိတ်ဓါတ်၊ အတွေးအခေါ်တွေ ပွင့်လင်းစေခဲ့ပါတယ်။

ဘယ်အသက်အရွယ်မှာပဲ ဖြစ်ဖြစ် အလုပ်ရပ်နားတဲ့အခါ ဘဝကို မြှုပ်နှံဖို့ ကိုယ် ဝါသနာပါတာ၊ စိတ်ဝင်စားတာတွေကို ကိုယ်တိုင် သိထားဖို့လိုတာမို့ အလုပ်ရပ်နားတဲ့အကြောင်း စဉ်းစားမိရင် အဲဒီအခါ ငါဘာဆက်လုပ်မလဲ ဆိုတဲ့မေးခွန်းကို ဖြေဖို့ ငါဘာတွေ ဝါသနာပါသလဲ ဆိုတဲ့ မေးခွန်းကို ခုကတည်းက မေးကြည့်လိုက်ပါ။

#Retirement-3 - အသက် (၆၀)ကျော်ထိ ငွေရှာဖို့ လိုနေသေးရင် ဘာလုပ်ကြမလဲ။
စင်ကာပူမှာတော့ လူငယ်တွေလည်း Retirement အကြောင်း ပြောချင်ပြောကြတာပဲ။ “ငါက အသက်လေးဆယ်မှာ retire လုပ်မှာ” ဆိုတာမျိုးကို အသက်နှစ်ဆယ်ကျော်တွေ သုံးဆယ်လောက်တွေ ဆီကလည်း ကြားရတတ်တယ်။ Retirement Age ကို ကြိုတင်ပြီး ဦးတည်ချက်သတ်မှတ်တာဟာ အဲဒီအသက်အရွယ်မှာ ဘဝအာမခံချက်ရှိလောက်တဲ့ အနေအထားအထိ ငွေရှာမယ် လို့ ဆိုလိုတာပဲ။

ကျွန်မတို့ မြန်မာပြည်မှာတော့ သူတို့နဲ့ပြောင်းပြန်။ အသက်လေးဆယ်မှာ အလုပ်ရပ်နားဖို့ထက် အသက်ခြောက်ဆယ်ကျော်ထိ ဝင်ငွေဆက်ရှာနေရဦးမယ့်လူဦးရေက ပိုများတယ်။ ဒီတော့ ကျန်းမာအောင်နေဖို့ နဲ့ အသက်ခြောက်ဆယ်ကျော် ကာယအားတွေ ကျလာတဲ့အချိန်မှာ ဥာဏအားနဲ့ ဘယ်လို ဆက်ပြီးငွေရှာမလဲ ဆိုတာကို စဉ်းစားဖို့ ပိုအရေးကြီးတယ်လို့ ထင်မိတယ်။
ငွေရှာတဲ့အကြောင်း မပြောခင် ငွေလိုအပ်မှုကို အရင်သုံးသပ်ကြည့်ချင်တယ်။ ဘဝ လုံခြုံဖို့၊ အာမခံချက် ရှိဖို့ ငွေဘယ်လောက်လိုသလဲဆိုတာ တွက်ကြည့်ဘူးလား။ မြန်မာဓလေ့မှာတော့ မတ်တတ်စာ၊ တုံးလုံးစာ လို့ ပြောကြပါတယ်။ မတ်တတ်စာဆိုတာက နေဖို့ စားဖို့ သားသမီးတွေကို ပျိုးထောင်ဖို့ လုံလောက်တဲ့ ပမာဏဆိုတော့ တွက်ရတာနည်းနည်းလွယ်သေးတယ်။ တုံးလုံးစာကျတော့ ဘယ်အချိန်မှာ ကျန်းမာရေး ယိုယွင်းပြီး ဆေးကုသဖို့ ဘယ်လောက်လိုမယ်ဆိုတာ မှန်းဆမရတာမို့ တွက်ချက်ဖို့ မလွယ်တော့ဘူး။ ဒါနဲ့ပဲ ကံကိုပုံချပြီး ဖြစ်သမျှအကြောင်း အကောင်းပေါ့လို့ တွေးလိုက်တာကများတယ်။

ဒီဆွေးနွေးမှုမှာတော့ နည်းနည်း ရှေ့ဆက်တွေးကြည့်ချင်တယ်။ မြန်မာနိုင်ငံရဲ့ 2016 Life Expectancy က ကျား၊မ ပျမ်းမျှ ၆၆.၈ နှစ်။ ပျမ်းမျှတွက်တယ်ဆိုတာက ငါးနှစ်အောက်သေဆုံးမှုတွေ၊ ယဉ်မတော်တဆ ဖြစ်လို့ သေဆုံးတာတွေ၊ ကပ်ဆိုက်လို့ သေဆုံးတာတွေ၊ စစ်ဖြစ်လို့ သေဆုံးတာတွေပါ ထည့်တွက်ထားတာ ဆိုတော့ မြို့ပေါ်မှာနေပြီး အခုဒီ ပို့စ်ကို ဖတ်နေတဲ့သူဟာ ပျမ်းမျှအသက်ထိ နေရဖို့ က မနေရဖို့ထက် ဖြစ်နိုင်ချေ ပိုများပါတယ်။ တုံးလုံးစာတွက်ဖို့က အသက်(၇၀)အထိနေရမယ်လို့ (Assumption) ယူဆလိုက်မယ်။ အခုရောက်နေတဲ့အသက်ကနေ (၇၀) အထိ လပေါင်း ဘယ်လောက် ရှိသလဲ။ အဲဒီလတွေမှာ တစ်လကို အိမ်စားရိတ် ဘယ်လောက်နဲ့ လောက်အောင်သုံးမလဲ။ ကျန်းမာရေးကိစ္စ ရှိလာရင် ဘယ်အတိုင်းအတာအထိ ငွေကုန်ကြေးကျခံမလဲ ဆိုတာတွေ ချပေါင်းလိုက်ရင် အကြမ်းဖျဉ်း တုံးလုံးစာ ရလာမယ်။ ဒါက မရှိမဖြစ်လိုအပ်ချက်။ အဲဒီအပေါ်မှာမှ လိုချင်တာလေးတွေ ကိုယ်နိုင်သလောက် ထပ်ဖြည့် အလှဆင်သွားရင် ဘဝဟာ နေပျော်မှာပဲ။

ယေဘူယျအားဖြင် နေစရာတစ်ခုရှိတယ်၊ မိသားစုတာဝန်တွေ သိပ်မကြီးတော့ဘူး၊ ပကာသနတွေလည်း ခွာချနိုင်ပြီ ဆိုရင် လစဉ်လိုအပ်ချက်က တော်တော်ကျဉ်းသွားတာကို တွေ့ရပါတယ်။ ကိုယ့်ဝါသနာကို အခြေခံပြီး ဘဝနေရေးအသစ်ကို ထူထောင်ဖို့ စဉ်းစားနိုင်ပါပြီ။ ကိုယ်တိုင်က အေးချမ်းတဲ့ အရပ်မှာ ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းချင်တယ်ဆိုလည်း ကိုယ့်တစ်ကိုယ်စာ (အိမ်ထောင်ဖက် ရှိသေးရင် နှစ်ကိုယ်စာ) ဟင်းသီးဟင်းရွက် စိုက်ပျိုးစားနေလို့ ရတယ်။ လောကကောင်းကျိုးဆောင်ရင်း ဝင်ငွေ ဆက်ရှာချင်သေးတယ်ဆိုလည်း ပေါ့ပေါ့ပါးပါးနဲ့ လုပ်လို့ရမယ့် အလုပ်မျိုးတွေ စဉ်းစားရမယ်။


-->
အခုကတည်းက ဥာဏအားကိုဖြည့်ဆည်းရင်း ကိုယ့်အသိပညာတွေကို ဘယ်သူတွေကို ဘယ်လို ဖြည့်ဆည်းပေးရင်းနဲ့ ဘဝကိုဆက်ရှင်သန်မလဲဆိုတာကို စဉ်းစားကြမယ်ဆိုရင် အသက် (၆၀) မဟုတ်ဘူး (၈၀) အထိ နေရမယ်ဆိုလည်း အသက်ရှင်လျှက် ဘဝသေနေတာမျိုး မဖြစ်ဘူးဆိုတာ သေချာပါတယ်။


Sunday, January 6, 2019

လူတွေကြားမှာ စကားပြောဖို့ ဘာလို့ ရွံ့ တာလဲ

တနင်္ဂနွေတစ်ရက်မှာ အောင်ဖေါင်ဒေးရှင်းရဲ့ အစီအစဉ်နဲ့ ပရဟိတလုပ်ငန်းထဲမှာ ခေါင်းဆောင်အဖြစ် သော်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်သော်လည်းကောင်း ပါဝင်နေကြသူများအတွက် ခေါင်းဆောင်မှု စွမ်းရည်မြှင့် သင်တန်းပေးဖြစ်ခဲ့တယ်။ သင်တန်းသား ၂၀၀ ကျော်ဆိုကတည်းက အသက်အရွယ် အတွေ့အကြုံတွေ အများကြီးကွာခြားလိမ့်မယ်လို့ မျှော်လင့်ပြီး ပြောရမယ့်ခေါင်းစဉ်ရော၊ ပြောမယ့်ပုံစံကိုပါ ကြိုတင်ပြင်ဆင်ထားခဲ့တယ်။ တကယ်တမ်း သင်တန်းသားတွေကို မြင်တော့ ကိုယ်မျှော်လင့်ထားတာ ထက်တောင် ပိုပြီးကွာခြားနေတာကို သိလိုက်ရတယ်။ အငယ်ဆုံးက အသက် ၁၀ နှစ် အသက်အကြီးဆုံး သင်တန်းသားက အသက် ၇၀။ ကိုယ်ဆွေးနွေးတဲ့ ခေါင်းစဉ်တစ်ချို့ကို အားလုံးနားလည်အောင် အခြေခံအကျဆုံး ပြောသင့်တာပြော၊ တစ်ချို့ကိုတော့ အတွေ့အကြုံများတဲ့သူတွေအတွက်လည်း လေ့လာသင်ယူစရာပါအောင် ရေချိန်ညှိပြီးဆွေးနွေးခဲ့တယ်။ အောင်ဖေါင်ဒေးရှင်း သင်တန်းဆင်းတွေရဲ့ အကူအညီနဲ့ တတ်နိုင်သမျှ အုပ်စုလိုက်ဆွေးနွေးပွဲတွေ ဖြစ်အောင် အားထုတ်ခဲ့တယ်။

လူအများနဲ့ပြောဆိုဆက်ဆံကြတဲ့အခါ လူတိုင်းနီးပါးမှာ စိုးရိမ်ပူပန်မှုလေးတွေ ရှိတတ်ကြတယ်။ ပြီးခဲ့တဲ့ အဲဒီစိုးရိမ်စိတ် တွေအကြောင်း ဆွေးနွေးကြဖို့ လေ့ကျင့်ခန်းတစ်ခုလုပ်တဲ့အခါမှာတော့ ကလေးတွေနဲ့ လူကြီးတွေရဲ့ စိုးရိမ်မှုတွေ ဘယ်လိုကွာသလဲဆိုတာကို နားလည်ချင်မိတယ်။ ဆယ့်ငါးနှစ်အောက် ကလေးတွေ အယောက် ၂၀ ကျော်လောက်ကို အကုန်စုပြီး စကားပြောကြည့်တဲ့အခါ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေ အများကြီး ထဲကနေ ကလေးအများစုမှာရှိတဲ့ စိုးရိမ်မှုသုံးခုဆွဲထုတ်လိုက်တဲ့အခါ ဒီလို စိုးရိမ်မှုတွေ ထွက်လာတယ်။
(၁) စကားပြောတဲ့အခါ မှားမှာကြောက်တယ်။
(၂) လူကြီးတွေ၊ အရိုအသေပေးရမယ့် သူတွေနဲ့ စကားပြောရမှာကြောက်တယ်။
(၃) ကိုယ်ပြောလိုက်လို့ သူငယ်ချင်းတွေကြားမှာ စိတ်ဝမ်းကွဲစရာ ဖြစ်မှာကြောက်တယ်။
ကလေးတွေကိုတော့ “မှားမှာကြောက်ရင် မပြောခင် စဉ်းစားပါ” လို့ တိုက်ရိုက်ပဲပြောခဲ့တယ်။ ဘာတွေကို စဉ်းစားရမှာလဲ ဆိုရင် “ဘာတွေပြောမှာလဲ၊ ဘာ့ကြောင့်ပြောမှာလဲ၊ ဘယ်လိုပြောမှာလဲ” ဆိုတာတွေပေါ့။ နောက်ထပ်ပြောဖြစ်ခဲ့တာက စကားပြောလိုက်လို့ မှားသွားပြီလို့သိလိုက်တဲ့အခါ (ဥပမာ လူကြီးတွေက ဟဲ့ ဒီလိုမပြောရဘူးလေလို့ ပြောရင်) မှားသွားတာကို မှတ်ထားပြီး နောက်ကိုဒီလိုမပြောအောင် သတိထားပါလို့ ပြောခဲ့တယ်။
ဒီစိုးရိမ်မှုတွေကို လူကြီးအဖွဲ့တွေထဲမှာလည်း ဆွေးနွေးကြတာကြားရတယ်။ အထူးသဖြင့်တော့ နံပါတ် (၁) ပေါ့။ ခေါင်းထဲကို ရောက်လာတာက ငါတို့တွေ ကလေးဘဝကတည်းက ရှိခဲ့တဲ့ စိုးရိမ်မှုတွေကို အသက်ကြီးတဲ့အထိ ရင်မှာပိုက်ထားမိခဲ့သလား ဆိုတာပဲ။ အခုခေတ်မှာ ခေါင်းဆောင်မှုသင်တန်း ဆိုတာတွေ ပုံစံမျိုးစုံနဲ့ ပေးကြတယ်။ တစ်ချို့တွေဆို အဲဒီလို သင်တန်းတွေ အများကြီးတက်ကြတယ်။ သင်တန်းတွေတက်ပြီးတိုင်း ပြန်စဉ်းစားကြဖို့ လိုတာက ဒီသင်တန်းကနေ ဘာတွေရလိုက်သလဲ၊ သင်ယူရသမျှကို ကိုယ့်ဘဝအတွက် အကျိုးရှိအောင် ဘယ်လို အသုံးချမလဲ ဆိုတာတွေပါပဲ။ သင်တန်းတွေဟာ အသိပညာတွေ ပေးနိုင်တယ်၊ စိတ်ဓါတ်မြှင့်တင်ပေးနိုင်တယ် ဆိုပေမယ့် သင်ယူရသမျှကို လက်တွေ့အသုံးချမှ ဘဝအတွက် အဓိပ္ပါယ်ရှိတဲ့ အပြောင်းအလဲတွေကို ရမှာဖြစ်ပါတယ်။ 

အမြဲတမ်းလေ့လာ သင်ယူခွင့်တွေ ရကြပါစေ။ သင်ယူထားသမျှကိုလည်း လက်တွေ့ကျင့်သုံးနိုင်ကြပါစေ။