Saturday, July 30, 2016

အိမ်ပြန်ချင်သူတွေ စဉ်းစားဖို့ (၁)

အိမ်ပြန်ချင်သူတွေ စဉ်းစားဖို့ (၁)

#ReturningMyanmar

အမိမြေပြင်ပရောက်နေတဲ့သူ အများစုအတွက် NLD က ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး အမတ်နေရာ (၄၃)ခုကိုရလိုက်တဲ့ (၂၀၁၁) ဟာ စိတ်လှုပ်ရှားစရာဖြစ်တယ်။ နိုင်ငံခြား ရောက်တာကြာလို့ အခြေနည်းနည်းကျပြီးသားသူတွေ အစကတည်းက တစ်နေ့နေ့တော့ ကိုယ်ပိုင်စီးပွားရေးလုပ်မှာပဲ ဆိုတဲ့သူတွေ မြန်မာနိုင်ငံကိုပြန်ဖို့ စပြီးစူးစမ်းကြတယ်။ (၂၀၁၃ - ၂၀၁၅) မှာ တစ်ချို့တွေက ကုမ္ပဏီအလုပ်ရလို့ တစ်ချို့ကတော့ စီးပွားရေးလုပ်ငန်း အသစ်တွေစဖို့ အခွင့်အလမ်းတွေရှိလာလို့ မြန်မာနိုင်ငံကို ပြန်အချေချကြတယ်။ (၂၀၁၅) ရွေးကောက်ပွဲရလာဒ်တွေ ထွက်လာပြီးတဲ့နောက် အိမ်ပြန်ချင်တဲ့သူတွေ ပိုများလာပါတယ်။ ပြန်ချင်တဲ့သူတွေထဲက တစ်ချို့ကျတော့ စိတ်ထဲက ဘယ်လောက်ပြန်ချင်ပေမယ့် ငွေကြေးပိုင်းဆိုင်ရာ စိတ်လုံခြုံမှုမရှိသေးလို့၊ တစ်ချို့ကျတော့ ပြန်လာရင် အလုပ်လုပ်ချင်ပေမယ့် ဘယ်လိုအလုပ်မျိုးလုပ်ရမှန်းမသိလို့၊ တစ်ချို့ကျတော့ သားသမီးအတွက် ပညာရေးနဲ့ ဘဝသက်တောင့်သက်သာရှိမှုတွေ မရနိုင်လို့ စသည်ဖြင့် အမျိုးမျိုးသောအကြောင်းတွေနဲ့ အချိန်ယူနေရသေးတယ်။ ဒီကြားထဲမှာ “မပြန်သေးဘူးလား” လို့မေးလို့ စိတ်တိုရတာတွေလည်း Facebook ကနေတစ်ဆင့် ဖတ်ရပါတယ်။

 မြန်မာပြည်ပြန်ချင်တဲ့သူတွေ ထည့်သွင်းစဉ်းစားစရာ စိန်ခေါ်မှုတွေနဲ့ တစ်ဖက်ကလည်း စိတ်ချမ်းသာရတာ တွေကို ဝေမျှလိုက်ပါတယ်။

(၁) ငွေအဝင်အထွက်နဲ့ ပါတ်သက်ရင် အောက်ကအချက်တွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ဝင်ငွေ။  ။ ဒါကတော့အထူးပြောစရာမလိုပါဘူး။ လူတိုင်းက ကိုယ့်ဝင်ငွေ ပိုနည်းသွားမှာလား၊ များလာမှာလား စဉ်းစားကြပါတယ်။

ဝင်ငွေခွန်။  ။ မြန်မာနိုင်ငံက ဝင်ငွေခွန်ကမြင့်ပါတယ်။ မိမိအခြေချနေရာ နိုင်ငံနဲ့ ဘယ်လောက်ကွာသလဲ ဆိုတာလေ့လာသင့်ပါတယ်။ ငွေကြေးရေးရာ နားလည်လို့ ကြိုတင်တွက်ထားတဲ့ စာရင်းကိုင်လို လူတွေတောင် လကုန်လို့ ဝင်ငွေခွန်ဘယ်လောက်ဖြတ်တယ်ဆိုတာ သိလိုက်တဲ့အခါ နင့်ကနဲနေအောင် ခံစားသွားရနိုင်ပါတယ်။

ဝင်ငွေခွန်ကောက်ပုံ။  ။ အခြားနိုင်ငံတွေမှာ ဝင်ငွေခွန်ဆိုတာ တစ်နှစ်စာဝင်ငွေအပေါ်အခြေခံပြီး နှစ်ကုန်တဲ့အခါ ဝင်ငွေကြေငြာတာ အခွန်တွက်ချက်တာတွေ လုပ်ပြီးမှ တစ်လုံးတည်းဖြစ်စေ အရစ်ကျဖြစ်စေ ပေးဆောင်ကြတာပါ။ ၂၀၁၆ မြန်မာနိုင်ငံ မှာ လစဉ်က အလုပ်ရှင်က အလုပ်သမားဆီကနေ ဖြတ်ပြီး အခွန်ရုံးကို ပေးဆောင်ရပါတယ်။

အိမ် - ပြန်လာတဲ့အခါ နေစရာအိမ်ရှိသူတွေအတွက် မသိသာလှပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ငှားနေရမယ် ဆိုရင်အဲဒီစားရိတ်ကို သေသေချာချာတွက်ဖို့ လိုပါတယ်။ ဥပမာအနေနဲ့ ဘုရင့်နောင်လမ်းထောင့်က လမ်းဆုံက ဘုရင့်နောင်တာဝါလို နေရာမျိုးမှာ အိပ်ခန်းသုံးခန်းပါတဲ့ ယူနစ်တစ်ခုကိုငှားရင် တစ်လ ၆သိန်း နဲ့ ၈သိန်း ကြားပေးရပါတယ်။ ရန်ကင်းရွှေအုန်းပင်လို နေရာမျိုးမှာလည်း အဲဒီလောက် ပေးရပါတယ်။

အပြင်ထွက်စားဖို့ - မြန်မာနိုင်ငံပြင်ပမှာ အနေကြာလာတဲ့သူတွေ၊ အထူးသဖြင့် ကျန်းမာရေးကို အလေးထား တတ်တဲ့သူတွေကို လမ်းဘေးဆိုင်တွေက မဆွဲဆောင်နိုင်တော့ဘူး။ အထူးသဖြင့် အစားအသောက်ကိုင်တွယ်ပုံ၊ ပန်းကန်ခွက်ယောက်ဆေးကြောပုံတွေကြောင့် လမ်းဘေးဆိုင်မှာ စားဖို့တော်တော်စဉ်းစားရမယ်။ အလယ်အလတ် သန့်သန့်ပြန့်ပြန့်နဲ့ အဆင်သင့်စားစရာ နေရာရှားပါးပါတယ်။ အိမ်မှာချက်စားဖို့၊ အလုပ်သွားတဲ့အခါ ထမင်းချိုင့် ယူသွားဖို့ စီစဉ်နိုင်ရင် စားစရိတ်ကြီးတယ်လို့ မဆိုနိုင်ပါ။ ဒါပေမယ့် တစ်ပါတ်မှာ လေး ငါးခါလောက် ဆိုင်မှာစားမယ် ဆိုရင်တော့ ဒါကိုလည်း အသုံးစားရိတ်အနေနဲ့ ထည့်တွက်ရပါလိမ့်မယ်။

ငွေအရင်းအနှီးရနိုင်မှု - လုပ်ငန်းလုပ်မယ်လို့ စဉ်းစားတဲ့သူတွေက ဒါတွေကို ထည့်တွေးလိမ့်မယ်လို့တော့ ယုံကြည်ပါတယ်။ ဒါပေမယ့် ပညာရှိ သတိဖြစ်ခဲဆိုသလို သတိလက်လွတ်မဖြစ်ရအောင် ဒါလေးလည်း ထည့်ပြောချင်ပါတယ်။ လုပ်ငန်းလုပ်နေရင်း လိုအပ်လာရင် ငွေအရင်းအနှီးရနိုင်ခွင့် အရမ်းရှားပါးပါတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်မယ်ဆိုရင်တော့ ဒါကို အဓိကထားပြီး စဉ်းစားဖို့ လိုပါလိမ့်မယ်။

ကျန်းမာရေးစားရိတ် - မြန်မာနိုင်ငံမှာလည်း ကျန်းမာရေးစားရိတ်မသေးလှဘူး။ မြန်မာနိုင်ငံကနေ ဘန်ကောက်မှာ ဆေးသွားကုတဲ့သူ အရင်ကထက် အဆပေါင်းများစွာ ပိုလာတာကိုသာကြည့်။ ဒီက အလုပ်ခွင်တွေမှာ ကျန်းမာရေး အာမခံပေးတဲ့ ကုမ္ပဏီ လက်ချိုးရေလို့ ရသေးတယ်။ အလုပ်လက်ခံမယ်ဆို အာမခံကိုမေးကြည့်စေချင်တယ်။ နိုင်ငံခြားမှာ ကိုယ်ဝယ်ထားတဲ့ အာမခံရှိတယ်ဆိုရင် တတ်နိုင်သလောက် ဆက်ထားထားသင့်တယ်လို့ မြင်ပါတယ်။

ဆက်ရန် ...

No comments: