Friday, February 26, 2010

Day 4: Boat Ride on the Irrawaddy

This is the trip worth waiting for. I strongly recommend the boat ride on Irrawaddy from Bamaw to Katha (or even better from Bamaw to Mandalay) to those who would like to enjoy the less-travelled roads. I left the hotel around 8am, and went to the counter for the boat ticket. In mid February, the water level was so low that the boats including the ones which can navigate on water level of 3 feet, could not come up to the Bamaw Jetty. Thus we have to sail down in the kanu-like boat from the jetty.

Along the river, I saw the clear water shallow at some locations and deep somewhere else. The roots of some trees are exposed due to erosion thus it could fall into the water any time. The ship and the boats were sailing along the river. The rafts are floating up and down whenever there are waves generated by the big ships. If you are fortunate, you may even see the Irrawaddy dolphins. I enjoyed the conversations with the boat man and other local people too. It was worth travelling by plane, bus, train and even tok tok to reach to Bamaw or Katha just to take a boat ride on the Irrawaddy.

ဧရာဝတီ ခရီး
နောက်တစ်နေ့မနက မှာတော့ (၈) နာရီလောက် ဗန်းမော် ရှပ်ပြေးဆိပ်ကို သွားပြီး လက်မှတ် ၀ယ်ရတယ်။ ရှပ်ပြေးယာဉ် ဆိုတာက ရေတိမ်မှာ သွားတဲ့ စက်လှေ ရှည်ရှည် လေးတွေပေါ့ ။ ဖေဖေါ်ဝါရီလ ဟာ ရေနည်းတဲ့ လဖြစ်လို့ ရေအနက် နှစ်တောင်ရှိရင် မောင်းလို့ ရတဲ့ ရှပ်ပြေးယာဉ်တောင် ဗန်းမော် လှေဆိပ်ထိ မောင်းလာ လို့မရပါဘူး။ “ကဲ့ပဲ့ထောင်” လို့ ခေါ်တဲ့ စက်လှေသေးသေး လေးနဲ့ ရှပ်ပြေးယာဉ် ရှိရာကို ခရီးသည်းတွေကို ပို့ပေးရပါတယ်။ စက်လှေကလေး စီးနေတုန်း ရေအောက်က သဲတွေကိုတောင် မြင်ရလောက်အောင် ရေက တိမ်ပါတယ်။ မြစ်ကို လမ်းလျှောက်ကူး နေတဲ့ ဦးလေးကြီး နှစ်ယောက်ကို တွေ့တော့ ညောင်ဦးဖီး ဧရာဝတီမြစ် ကို လက်ပစ်ကူးတာ ဘာဟုတ်သေးလဲ၊ ဒီမှာတော့ လမ်းလျှောက်ပြီး တောင် ကူးလို့ ရနေတာ လို့ တွေးမိတယ်။ ငယ်ငယ်တုန်းကတော့ ဧရာဝတီမြစ် ကို လက်ပစ် ကူးတယ်လို့ ဖတ်ရတော့ အံ့သြဘနန်း ဖြစ်ခဲ့ရဘူးတာကိုး။ အခုတော့ ညောင်ဦးဖီး ဧရာဝတီမြစ် ကိုကူးတာ နွေရာသီများလား လို့တောင် မေးချင်စိတ် ပေါ်လာတယ်။ လှေသမား များရဲ့ ပြောအရတော့ နောက်ထပ် နှစ်လလောက် ရေနည်း ဦးမယ်လို့ ဆိုပါတယ်။



ဗန်းမော်ကနေ ကသာ ကို ဧရာဝတီ မြစ်ကြောင်းအတိုင်း စုန်ဆင်းရတာ ဘာနဲ့မှ မတူအောင်ကို သာယာပါတယ်။ ဗန်းမော်က ထွက်လာပြီး နာရီ ၀က် ကျော်ကျော်လောက် ထင်ပါရဲ့  ရှပ်ပြေးယာဉ်က ဧရာဝတီရဲ့  ဒုတိယ မြစ်ကျဉ်းကို ချဉ်းကပ်ပါပြီ။ ဒုတိယမြစ်ကျဉ်း အစမှာ စက်ကြီး တွေနဲ့ ဧရာဝတီ မြစ်ကူး တံတား ဆောက်လုပ်ရေး လုပ်ငန်းကို တွေ့ရပါတယ်။ ဗန်းမော်မြို့  အပါအ၀င် ဧရာဝတီမြစ်ရဲ့  အရှေ့  ဖက်က မြို့ တွေကို ကူးသန်းရ လွယ်ကူစေဖို့ လို့ ပေါ့နော်။ ကားလမ်းတွေ၊ ရထားလမ်းတွေ ပေါများလာတော့ ရေပါးတဲ့ နွေရာသီတွေမှာ သွားလာရေး ခက်ခဲတဲ့ ဒုက္ခတွေ လျှော့နည်းသွားမှာပေါ့။



ဘေးတစ်ဖက်တစ်ချက်က ကျောက်တောင်ကြီး တွေက မားမားမတ်မတ်၊ တောင်ပေါ်က သစ်ပင်တွေက စိမ်းစိမ်းလွင်လွင်၊ လေကလည်းအေး ရေကလည်း စိမ်းညို့လို့။ လေယာဉ်၊ ရေယာဉ်၊ ကား၊ ရထား ရတာ အကုန် စီး၊ ဒုက္ခခံပြီး ဒီခရီးကို လာရကြိုးနပ် ပါတယ်။ ဒုတိယ မြစ်ကျဉ်းကို ရောက်ဖူးသူ၊ ဓါတ်ပုံတွေ မြင်ဖူးသူတွေ ကတော့ ကိုယ်ရိုက်လာတဲ့ ပုံတွေကို ကြည့်ပြီး မြစ်ကျဉ်းက အရင် အတိုင်း လှနေတုန်းပဲလို့ ပြောကြတယ်။



ဒုတိယမြစ်ကျဉ်းကို ကျော်လာပြီးတော့ ရေမျက်နှာပြင်ဟာ ပို အပြန့် ကျယ်လာပြီး မြေနုကျွန်း လို့ ခေါ်တဲ့ သဲသောင်ကြီးတွေ ပေါ်မှာ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေ ကို မြင်လာရပါပြီ။ တစ်ချို့  နေရာတွေမှာ စိုက်ပျိုးလို့ ရပုံမပေါ်တဲ့ သဲသောင်ပြင် ကျယ်ကြီးတွေ ကိုလည်း တွေ့ ရတယ်။ မြစ်ပြင် အကျယ်ကြီးမှာ သောင်ပြင်တွေ ဟိုနား တစ်ခု ဒီနား တစ်ခုနဲ့ ကိုယ့်လို ဧရာဝတီမြစ် ပေါ်မှာ အခုမှ အမှတ်ထင်ထင် ခရီး သွား ဖူးသူ အတွက်ကတော့ ရေယာဉ် ဘယ်ဘက်ကို ဦးတည်မှာ ပါလိမ့် လို့တောင် မခန့်မှန်းတတ် အောင်ပါပဲ။ ဒီလိုနဲ့ ညနေ လေးနာရီလောက်မှာ ကသာမြို့  ကို ရောက်ပါပြီ။



ဒီရေကြောင်း ခရီးစဉ်မှာ အမှတ်ထင်ထင် အရှိဆုံးကတော့ ရှပ်ပြေး ဆရာ အပါအ၀င် ဒေသခံ တွေနဲ့ စိတ်လွတ်လက်လွတ် စကားစမြည် လေးပြော။ ဧရာဝတီ မြစ်ပြင်ပေါ်က လေအေးအေး လေး ကိုခံယူပြီး အပူအပင် ကင်းကင်းနဲ့ ခရီး သွားခဲ့ ရတဲ့ ငြိမ်းချမ်းမှုပါပဲ။ မြစ်ကြီးနားမှာ ရော ဗန်းမော်မှာပါ ပစ္စည်းပျောက်မှာ မကြောက်ရပါဘူး။ ဒေသခံများက သူတို့အရပ်က လူတွေဟာ ရိုးသားတယ်၊ သူများပစ္စည်း ဘယ်သူမှ မယူဘူးလို့ ယုံကြည် ဂုဏ်ယူကြသူတွေပါ။





မြစ်ကမ်းပါး တစ်နေရာမှာ ခုတ်ပြီးပုံထားတဲ့ သစ်လုံးတွေကို တွေ့ရပြီး နောက်တစ်နေရာ ရောက်တော့ ရေကြောင်းအတိုင်း မျှောနေတဲ့ သစ်ဖေါင်တွေကိုလည်း တွေ့ရပါတယ်။ ငယ်ငယ်တုန်းက စာတွေထဲမှာ သင်ရသလို သစ်တွေကို အောက်ပိုင်းကို ပို့နေကြတာလို့ တွေးကြည့် ရတာပါဘဲ။ သစ်ဖေါင်က အလေးချိန်များလို့ ထင်ပါရဲ့  Tuck Boat လို့ခေါ်တဲ့ ဆွဲသင်္ဘော နဲ့ ဆွဲနေလေရဲ့ ။





ကမ်းဘေးမှာ ကမ်းပါးပြိုနေတာတွေ၊ သစ်ပင်ကြီးတွေရဲ့  အမြစ်တွေ အားလုံးနီးပါး ပေါ်နေတာ တွေ တွေ့ရတော့ ဒီဧရာဝတီ မြစ်ကြီးပေါ်မှာ ဘယ်နှစ်နှစ်လောက် ခရီးသွား လို့ ရဦးမှာပါလိမ့်၊ သိပ်မကြာခင်မှာ များ ရေတိမ်လွန်းပြီး ရေကြောင်းခရီး သွားလို့ မရဖြစ်သွား လေမလားရယ်လို့ တွေးပူမိပါတယ်။





မြန်မာပြည်ရဲ့  အထင်ကရ အလှတစ်ပါးကိုတော့ သယ်ယူပို့ဆောင်ရေး အတွက် မဟုတ်တော့ ရင်တောင်မှ စိတ်ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ ခရီးသွားစရာ နေရာကလေး တစ်ခု အဖြစ် ကျန်နေစေချင် ပါသေးတယ်။

No comments: