Tuesday, December 1, 2009

မစိမ့်  ခရီးသွားနေသည် (အပိုင်း ၁) - ခရီးသွားငါးယောက်

လွင်မိုး ရဲ့  တီဗွီအစီအစဉ် ကို သဘောကျလို့  တည့် တည့် ပဲ ကူးချလိုက်တယ်။

ဒီနေ့ စတဲ့ အင်ဒိုနီးရှား ခရီးကတော့  အစအဆုံး တစ်ယောက်ထဲ ထွက်ဖူးတဲ့ ခရီးပေါ့ ။ အင်ဒိုနီးရှား အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့  ကိုယ်နဲ့ ကလည်းတော်တော် အကျိုးပေး ပုံပေါ်တယ်။ မနှစ်က ဘာလီကို အလုပ်ကိစ္စနဲ့ လာရတော့ လည်း လေယာဉ်ချိန် နောက်ကျလို့  Soekarno Hatta လေဆိပ်မှာ ၅နာရီလောက် ထိုင်ရတယ်။ ဒီတစ်ခေါက်ကျတော့ လည်း ဂျကာတာ- ဂျိုဂ်ဂျကာတာ ပြည်တွင်း ခရီးကို အင်တာနက်က ၀ယ် ရင် Air Asia က စင်္ကာပူဒေါ်လာ ၅၀ လောက်ပေးရပြီး ခေါက်ရေ ပိုများတဲ့  အင်ဒို လေကြောင်း Garuda က စင်းဒေါ်လာ ၁၇၇ ဖြစ်နေတာနဲ့  Air Asia ကို စောင့်ရင်း လေဆိပ်မှာ ၅နာရီကြာ ထိုင်ရပြန် တယ်။ ထိုင်နေ တော့ လည်းဒီစာ ကိုရေးဖြစ် သွားတာပေါ့ လေ။

လေယာဉ်ဆင်းပြီဆိုတာနဲ့ ပထမဆုံး သတိထားမိတာ ကတော့  အခြားလေဆိပ်တွေနဲ့  မတူတဲ့  လေဆိပ်အဆောက်အဦးပါ။ လေဆိပ်တစ်ခုလုံး ခပ်နိမ့် နိမ့် အဆောက်အဦး လေးတွေကို ဆက်သွယ်ထားတဲ့ ပုံစံပါ။ အပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုထက် ဘန်ဂလို တွေကို ဆက်ထားတာနဲ့ ပိုတူတယ်။ လေယာဉ်ရပ်ရာ Channel တစ်ခုဟာ ဘန်ဂလို တစ်ခု ပေါ့ ။ အင်ဒိုနီးရှား အငွေ့အသက်အပြည့် အ၀ရှိတဲ့  ဒီဇိုင်းကို ဆောက်ထားပုံရတယ်။ အများပြည်သူသုံး ဖုန်းစင်လေးတွေကအစ အင်ဒိုနီးရှား ရိုးရာအရုပ် တွေနဲ့ ။





အပြည်ပြည်ဆိုင်ရာ လေယာဉ်တွေရပ်တဲ့  terminal 2 ကနေ ပြည်တွင်းလေယာဉ်တွေ ရပ်တဲ့  terminal 3 ကိုသွားတော့ မှ ခေါတ်ပေါ်ဒီဇိုင်း နဲ့  အဆောက်အဦးအသစ်ကို တွေ့ ရတယ်။ တစ်နာရီလောက် စီးရတဲ့  ခရီး ဆိုတော့  မြန်မာပြည်မှာ သာဆိုရင် ရန်ကုန်-မန္တလေး ၊ ရန်ကုန်-ဟဲဟိုး၊ ရန်ကုန်-ပုဂံ ခရီးစဉ်တွေ လောက်ဖြစ်မယ် ထင်တယ်။ ၂၀၀၆-၂၀၀၇ တုန်းကတော့ ရန်ကုန်-တံတားဦး ကို လေယာဉ်စီး ဘူးတယ်။ အခုဆို ရန်ကုန် - မြစ်ကြီးနား ကိုဘယ်လောက်ပေးရမလဲ မသိ။ ကိုယ်တို့ ဆီမှာလည်း တစ်နာရီ ခရီးလောက်ကို ၄သောင်း လောက်နဲ့  ရရင် လူတွေခရီးပိုသွား ကြမလားမသိဘူးနော်။ ဂျိုဂ်ဂျကာတာမြို့ ရဲ့  လေဆိပ်ကတော့ မန္တလေးဘူတာကြီး ကျနေတာပဲ။ လေယာဉ်အစီးပေါင်းများစွာ တက်လိုက် ဆင်းလိုက်နဲ့ ။ လူတွေကလည်း လေယာဉ်စီးရတာကို ရထား၊ကားတွေ နဲ့ ခရီးသွားသလောက်ကိုယဉ်ပါးနေ ပြီ။

ကိုယ်တို့ ဆီမှာ ဒီလောက်ခရီးသွားတဲ့ သူမများလို့ လေယာဉ် ခေါက်ရေ သိပ်မများတာလား။ မဟုတ်သေးဘူး ထင်တယ်နော်။ ၀ယ်သူရှိမှ ရောင်းသူပေါ်တာထက် ရောင်းသူတွေ ကဈေး ကွက်ကို ဖေါက်ယူတာတွေလည်း ရှိတာပဲဟာ။ ကိုယ့် မျက်စေ့ ရှေ့ မှာတင် ဈေးကွက်ဖေါက် တဲ့ သူတွေကို ပြောပါဆို ရင်တော့ Tiger Beer နဲ့  London Cigarette ကိုပြောရမယ် ထင်တယ်။ ဒီလို အားပေးချင်စရာ သိပ်မကောင်းတဲ့ ရောင်းကုန်တွေ က ၀ယ်လိုအားကောင်း တတ်တော့  ဈေးကွက်အသစ်တစ်ခုကို ဖန်တီးရတာ လွယ်တယ်ထင်ပါရဲ့ ။ ပြည်တွင်းမှာ လူအများအတွက် ကောင်းသော ဈေးကွက်တွေလည်း များများနဲ့ မြန်မြန် ပေါ်လာပါစေလို့  ဆုတောင်းပါတယ်။

ငယ်ငယ်တုန်းက “well read and well traveled” ဆိုတဲ့  စကားစုကို အရမ်း သဘောကျခဲ့ တာ။ ဝေးဝေးသွားမှ မဟုတ်ပါဘူး။ ကိုယ့် ပြည်တွင်းမှာ တစ်နံတစ်လျှား သွားစရာတွေ အများ ကြီးပါ။ ဒါနဲ့ ပဲ ခရီးသွားတော့ ဘာအကျိုးအမြတ် ရှိလို့ လည်း လို့  ဆက်တွေးမိတယ်။ ငယ်ငယ်က တော့ ခရီးသွား ရင် ဒေသန္တရ ဗဟုသုတ ကြွယ်ဝတယ် လို့ တွေးတာပေါ့ ။ အခုတော့  နည်းနည်း လက်တွေ့ ပိုဆန်လာပြီး လက်တွေ့ ဘ၀ထဲ မှာ အသုံးချလို့ မှ မရရင် ဗဟုသုတ ရှိတော့  ရော ဘာထူးမှာလည်း လို့ မေးတတ်လာပြီး ခရီးသွားခြင်းရဲ့  လက်တွေ့  အကျိုး ကို ဆန်းစစ်ကြည့် ချင်လာတယ်။

ခရီးသွား တဲ့  အခါ ရုပ်အသွင်အပြင် မတူတဲ့  လူတွေ၊ အလေ့ စရိုက်မတူတဲ့ သူတွေနဲ့  တွေ့ ရ တယ်။ ကိုယ်အမြဲတမ်း မြင်နေကြ မဟုတ်တဲ့ လူတွေ၊ မတူကွဲပြားတဲ့ လူတွေကို နားလည်တတ် လာတယ်။ လူ့ စရိုက် လူ့ သဘော က်ု ပိုပြီးနားလည် ခွင့် ရတယ်။ သူတို့ ရဲ့  လူနေမှုဘ၀ တွေကို လည်း ထိ တွေ့ ခွင့် ရတယ်။ မတူကွဲပြား တဲ့  Culture တွေကို နားလည်လာမယ်။ သမိုင်းနဲ့ Culture ကို ဆက်စပ်ကြည့်  ရင်တော့  အစိတ်အပိုင်းတွေ ကို ဆက်ပြီး ကစားတဲ့  Jigsaw puzzle ကစားသလိုပဲ။ ထိုင်းမှာ လည်း ရာမယန ဇာတ်တော် ရှိတယ်။ အင်ဒိုနီးရှား တွေလည်း ရာမဇာတ် ကတာပဲ။ ဘယ်သူက ဘယ်သူ့ ဆီက ကူးယူတာလဲ။ နာနတ်သီး ကို မလေးလို Nanas လို့ ခေါ်တယ်။ ကိုယ်တို့ ဗမာပြည်ကို မလေးရှားကနေ တစ်နည်းနည်းနဲ့  သွင်းလာခဲ့  လို့ အသီးကော၊ နာမည်ပါ မွေးစား ပြီး နာနတ်သီးရယ်လို့  ဖြစ်နေတာလား။ တွေး စရာလေးတွေပါ။

ဒီအင်ဒိုနီးရှား ခရီးမှာ တော့  အနောက်နိုင်ငံများက လာကြတဲ့  ခရီးသွား တွေနဲ့  နေ့  ချင်းပြန် ခရီးစဉ်လေးတွေမှာရော၊ မြို့ ထဲမှာ လျှောက်သွား ကြတဲ့ အခါမှာပါ ဒီလူတွေပဲ ခဏခဏပြန်ဆုံ ကြတာမို့  စကားတွေ အများကြီး ပြောဖြစ်၊ အတွေ့ အကြုံတွေ ဖလှယ်ဖြစ်ပါတယ်။ ကိုယ့်  အတွေးထဲ မှာ ခရီးသွား ခြင်းရဲ့  ကောင်းကျိုး ဆိုးကျိုးတွေကို လေ့ လာချင်စိတ် ရှိနေတာ၊ ကိုယ်က အာရှသားဖြစ်နေတာတွေ ကြောင့် သူတို့ တွေ ဘာကြောင့် ခရီးသွား ကြတာလဲ၊ ဘာလို့  အာရှကို လာကြတာလဲ ဆိုတဲ့ မေးခွန်းတွေ ကို မေးဖြစ်တယ်။ သူတို့ ပြောတဲ့ သူတို့  အကြောင်းလေးတွေကတော့  ဒီလိုပါ။

(၁) တစ်ကိုယ်တော် ခရီးသွား နံပါတ်တစ်
ဂျာမနီနိုင်ငံသား။ အလုပ်ကနေ ၃ပါတ်ခွင့် ယူပြီး ခရီးထွက်လာတာ။ လူတွေ ၊ Culture တွေအကြောင်းကို သိချင်လို့ ခရီးထွက်တာ။ သဘာဝအလှအပတွေ ကိုလည်း ကိုယ်တိုင်မြင် ဘူး၊ ခံစားချင်ဘူးတယ်။ ဖြစ်နိုင်ရင် အာရှ (အထူးသဖြင့်  စင်္ကာပူ) မှာ ၂နှစ် ၃နှစ် လောက် အလုပ်လုပ်ဖူးချင်တယ်။

(၂) တစ်ကိုယ်တော် ခရီးသွား နံပါတ်နှစ်
ဟော်လန်နိုင်ငံသူ။ ကျောင်းအတွက် လက်တွေ့ ၆လဆင်းဖို့ လိုတော့  အာရှမှာ အလုပ်လုပ် ဖူး ချင်လို့  ဟောင်ကောင်က ကုမ္ပဏီ တစ်ခုမှာ လက်တွေ့ ဆင်း အပြီး အိမ်မပြန်ခင် အင်ဒိုနီးရှား ကို ခရီးထွက်လာတာပါ။

(၃) တစ်ကိုယ်တော် ခရီးသွား နံပါတ်သုံး
အင်္ဂလန်နိုင်ငံသား။ တက္ကသိုလ် တက်ရမယ့် အချိန်ရောက်လာလို့  အဆင်ပြေမယ် ထင်တဲ့  ဘာသာရပ် တစ်ခုယူပြီး တက်လိုက်တယ်။ ပထမနှစ်အပြီးမှာ ကျောင်းကိုရပ်ပြီး အပြင်လောက မှာ ဘာတွေရှိသလဲ၊ ကိုယ့် ရဲ့ စိတ်ဝင်စားမှု အစစ်အမှန်ကဘာလဲ ဆိုတာတွေသိချင်လို့ ၆ လ ခရီး သွား ပါသတဲ့ ။ ခရီးစဉ် တစ်လျှောက်မှာ သူချစ်တဲ့ သဘာဝအလှအပတွေ ကို ထိတွေ့  ရပြီး ဒီအလှအပ တွေမပျက်သုဉ်းရလေ အောင် ပါတ်ဝန်းကျင် ကို ထိန်းသိမ်းစောင့် ရှောက်ချင် လာတဲ့ အတွက် အိမ်ပြန်ရောက် ရင် ပါတ်ဝန်း ထိမ်းသိမ်းရေး ဘာသာရပ်တွေ လေ့ လာလိုက် စားပြီး Environmental Policy တွေနဲ့  ပါတ်သက်တဲ့ အလုပ်မျိုးကို လုပ်မယ်လို့ ဆုံးဖြတ် လိုက်ပါသတဲ့ ။ ရှေ့ အပါတ်ထဲမှာ အိမ်ပြန်တော့ မှာမို့  ခရစ်စ်မတ်စ် ကို ကြိုတွေးပြီး ပျော်နေပါ တယ်။

(၄) တစ်ကိုယ်တော် ခရီးသွား နံပါတ်လေး
ဥရောပနိုင်ငံ တစ်ခုကပါ။ အလုပ်မလုပ်ချင်လို့  ရှိတဲ့ ပိုက်ဆံလေးနဲ့  ရသလောက်ရောက်ရာ ပေါက်ရာသွားမယ်ဆိုပြီးထွက်လာတာ။ တောင်အမေရိကတို့  တောင်အာဖရိကတို့ မှာ လည်း ခရီးသွား ရတာအာရှထက် နည်းနည်းပဲပိုကုန်တာပါ။ ဈေးပေါ့လို့ ရယ်လို့  တော့ မဟုတ်ပါဘူး၊ ဒီလိုပဲ အာရှသွား ချင်စိတ်ကလေးနည်းနည်း ရှိလို့  ရောက်လာတာ။ သူ့ ဘိုးဘွားထဲက တစ်ယောက်က အင်ဒိုနီးရှန်းသွေးပါတော့ အင်ဒို ကိုတော့ ရောက်မှဖြစ်မယ်လို့ တွေးပါသတဲ့ ။ ပိုက်ဆံကုန်သွားရင် Australia သွားပြီး အလုပ်လုပ်ရင် လုပ်မယ်။ အိမ်ပြန်ချင်လည်း ပြန်မယ်။

ကိုယ့် အကြောင်းကတော့ 
(၅) တစ်ကိုယ်တော် ခရီးသွား နံပါတ်ငါး
မြန်မာပြည်သူ။ လက်ရှိ စင်္ကာပူမှာ အလုပ်လုပ်နေတယ်။ ကုမ္ပဏ်ီက ဘိုဂိုမြို့ မှာ Seminar တက်ခိုင်းလို့  အင်ဒိုနီးရှား ကိုလာရင်း ခွင့်  နည်းနည်း ယူပြီး ခရီးတိုလေး ထွက်နေတဲ့ သူ။

ကိုယ့် ခရီးစဉ်နဲ့ ကိုယ် နေတဲ့ ဟိုတယ်ကနေ ထွက်လာပြီဆို တစ်ယောက်မဟုတ် တစ်ယောက် တော့ တွေ့ တာပဲ။ ဒီတော့ ဒီနေ့ အဖို့ သွားချင်တဲ့ ခရီးစဉ်ချင်း တူနေရင် အတူတူသွားလိုက် တာပေါ့ ။ ဘယ်လမ်းကသွားရင် မြန်မလဲ ဆိုတာမျိုး ကိုတိုင်ပင်ရင်း၊ သွားရင်း လာရင်း သူအမြင်ကိုယ့်  အမြင်တွေ ဖလှယ်ကြရင်း နဲ့  လူတွေရဲ့  အတွေးအမြင်၊ အနောက်ကလူတွေ ရဲ့  တွေးခေါ်ပုံတွေ ကိုသိခွင့် ရခဲ့  ပါတယ်။

သေချာတာ ကတော့  လူတစ်ဦးနဲ့  တစ်ဦး မတူကွဲ ပြားနေတာ၊ လူ့ အ၀န်း အ၀ိုင်းတစ်ခု နဲ့  တစ်ခု မတူခြားနား တာကို ပိုသိလာတဲ့ အခါ လူတွေကို လက်ခံ ဖို့  ၊ လူတွေနဲ့  လက်တွဲပြီး အလုပ်လုပ်ဖို့ပိုလွယ်လာပါတယ်။ Diversity ဆိုတဲ့  မတူတဲ့  သူတွေ စုဝေးနေတဲ့  အထဲ က တစ်ဦးချင်း ရဲ့  တော်တဲ့ ကောင်းတဲ့  အချက်တွေကို ထုတ်ယူပြီး လူ့  ဘောင် ကောင်းကျိုးတွေ ပိုလုပ်နိုင်တယ်လို့ ထင်ပါတယ်။ လူများများ ကိုတွေ့ ဖူး နားလည်ဖူး တဲ့ အခါ အနည်းဆုံး “ကျား ကျား မီးယပ်” ဆိုတဲ့  တစ်ဇွတ်ထိုး စိတ်တွေ လျော့ နည်းဖို့ လောက် တော့  အသုံးဝင် ပါတယ်လို့  တွေးမိပြီး ခရီးတွေ ဆက်သွား ဖို့  ကြုံရင် ကြုံသလို အားထုတ် ကြိုးစား မိနေ ဦးမှာပါ။

No comments: