Friday, August 27, 2010

သံလျှင် ဆုတောင်းပြည့်ကျောင်း စာဖတ်သင်တန်း ဖွင့်ပွဲ အမှတ်တရ

ရန်ကုန်က သူငယ်ချင်းများနဲ့ အတူ သံလျှင်ဘုရားကုန်းက ဆုတောင်းပြည့်ကျောင်းလေးမှာ စာကြည့်တိုက်အသေးစားလေးနဲ့ စာဖတ်သင်တန်းလေးလုပ်ပေးဖို့ ကြိုးစားခဲ့ကြတာ နှစ်လနီးပါးလောက်တောင် ရှိပါပြီ။ သူငယ်ချင်းတွေ ၀ိုင်းဝန်းပြီး အပြည့်အ၀အားထုတ်ကြလို့ သြဂုတ်လဆန်းမှာ စာဖတ်သင်တန်းလေးကို စတင်နိုင်ခဲ့ပါတယ်။ အဲဒီကျောင်းမှာ ကျောင်းအိပ်စားကလေးငယ် ၄၀၀ကျော် ကျောင်းအိပ်ကျောင်းစား နေပါတယ်။ အများစုက မိဘမဲ့ တိုင်းရင်းသားလေးတွေပါ။ လက်ရှိ တက္ကသိုလ်တက်နေတဲ့ ကလေး ၇နှစ်ယောက်နဲ့ ဒီနှစ်မှာ စတက်မယ့် ကလေး ၄ယောက်ရှိတယ်။ ဆယ်တန်းတက်နေတဲ့ကလေး ၇ယောက်ရှိတယ်။ ကျန်တာတွေကတော့ မူလတန်းနဲ့ အလယ်တန်းတွေပေါ့။



စာလုပ်တွေရှာရ၊ ၀ယ်ရ၊ စာရင်းသွင်းရ၊ ငွေစာရင်းပြင်ဆင်ရ တာတွေအပြင် အလှူရှင်တွေဆီက စာအုပ်တွေကို လက်ခံရ၊ လိုအပ်ရင် သွားယူရ တာတွေ စာကြည့်တိုက်လေးနဲ့ စာဖတ်သင်တန်းအတွက် တာဝန်ခွဲဝေတာ၊ ပြင်ဆင်တာတွေကိုပါ အလုပ်ပြီးတဲ့ အချိန် ညနေဖက်တွေနဲ့ စနေ၊ တနင်္ဂနွေ တွေမှာပဲလုပ်ရတာဆိုတော့ သူငယ်ချင်းများရဲ့  လုပ်အားပမာဏကို ခန့်မှန်းကြည့် နိုင်ပါတယ်။ စာဖတ်သင်တန်းလေး စတင်ချိန်ကစလို့ တနင်္ဂနွေနေ့တွေမှာ ဒီသူငယ်ချင်းတွေကပဲ သန်လျှင်ကိုသွားပြီး သင်တန်းလေးကို လည်ပါတ်ကြတာပါ။



စာအုပ်ဗီရိုလေးတစ်လုံးနဲ့ လှူထား၊ ၀ယ်ထားတဲ့ စာအုပ်တွေကို ဆရာတော် ခွင့်ပြုထားတဲ့ ကျောင်းခန်းမကြီးထဲမှာ ကလေးတွေကို ပေးဖတ်၊ သိပ်မဖတ်တတ်သေးတဲ့ ကလေးတွေကို ဖတ်ပြနဲ့ ပထမဆုံး စာဖတ်သင်တန်းစတဲ့နေ့ မှာ သူငယ်ချင်းတွေ တက်ကြွကြ သလို ကိုယ်ကိုတိုင်လည်း သူတို့ ရေးလိုက်တဲ့ အီးမေးလ်တွေ ဖတ်ပြီး အင်မတန်မှ ၀မ်းသာရပါတယ်။ ကိုယ်တိုင်ပြေးပြီး ကလေးတွေကို စာဖတ်ပြ ချင်လာလောက်အောင်ပါပဲ။ ကိုယ့်ဘလော့ဂ်လေးကို လာလည်ကြတဲ့သူတွေ ကိုယ့်လို ကြေနပ်ကြည်နူးရအောင် သူတို့ အီးမေးလ် လေးတွေကို ဝေမျှလိုက်ပါတယ်။



"ဒီနေ့ သီချင်း ကဗျာလေးတစ်ပုဒ်ရွတ်ပြီး သူတို့နဲ့အတူတူကတာ ပြန်လာတဲ့အထိ အဲ ဒီသီချင်းလေးကိုဆိုနေတာတွေ့ရတယ်။ နောက်တပတ် အဲဒီကဗျာလေးနဲ့ အကကို ကောင်းကောင်းပြန်ရွတ်ပြနိုင်တဲ့ အဖွဲ့ကို သကြားလုံးကြွေးမယ်ဆိုပြီးမှာထားခဲ့တယ်။"



"ကလေးတွေက မြန် မာစကားကိုလုံးဝနာမလည်တဲ့သူရှိတယ်။ သူတို့ထဲက အတန်းကြီးထဲက ကရင်ကလေးငယ်တွေအတွက် ကရင်မလေးတစ် ယောက်၊ ပဝို့ရ်ထဲက ပဝို့ဝ်မလေးတစ်ယောက်ကို ခေါ်ထုတ်ပြီး ကျွန်တော်ပြောတာကို ဘာသာပြန်ခိုင်းတယ်။ အဲဒါလည်း အဆင်မပြေဘူး။ ကလေးတွေက ကျွန်တော်ပြောတာကို ဘာသာမပြန်နိုင်ဘူး။"



"အဲဒါနဲ့ ကိုယ့်ဖာသာစာဖတ်တတ်တဲ့သူ လက်ညှိုးထောင်ဆိုပြီး အဲလိုဖတ်တတ်တဲ့ ကလေးတွေ( ၅-၆တန်း)ကို သူတို့ဖာသာ ကြိုက်တာ သပ်သပ်ဖတ်ခိုင်းပြီး။ သူငယ်တန်းနဲ့တစ်တန်းကို တစ်စု။ ၂-၄တန်းအထိတစ်စုခွဲထုတ်ပြီး ပုံပြင်တွေဖတ်ပြ။ ပြောပြ လုပ်တယ်။ ထူးဆန်းတာလို့ဘဲပြောရမလားမသိဘူး။ တချို့ကလေးတွေက သူတို့အချင်းချင်းစုပြီး ပုံပြင်ကို သူ့တို့ဘာသာစ ကားနဲ့ သူတို့ဖာသာ အချင်းချင်းဖတ်ပြတယ်ဗျာ။"



စာကြည့်တိုက်လေးအတွက် သူတို့ တာဝန်ခွဲဝေကြပုံတွေကလည်း ရှေ့  ဆက်အလုပ်တွေ ဆက်လုပ်ဖို့အတွက် အားရစရာကောင်း လှပါတယ်။ "အခုကျွန်တော်တို့ အဖွဲ့ကို အပတ်စဉ် အလှည့်ကျဦးဆောင်စနစ်နဲ့သွားတယ်။ အဖွဲ့ကို ဦးဆောင်သူရယ်။ ပုံပြော၊ ပုံဖတ် သူရယ် ကို အလှည့်ကျရွေးတယ်။ ကျန်တဲ့သူက စာကြည့်တိုက်မှာ စာအုပ်ငှား၊ စာအုပ်စာရင်းမှတ်လုပ်တယ်။ နောက် ၂ ယောက်ကို တော့ ဦးဆောင်သူတွေ ပရိုဂရမ်တစ်ချိန်စာအတွင်းလုပ်သွား၊ ပြောသွား၊ ဦးဆောင်သွားသမျှနဲ့၊ ကလေးလေးတွေ ဘယ်အစီ စဉ်ကို တက်ကြွသလဲ၊ ဘာတွေမှာ အားနည်းသလဲဆိုတာကို လိုက်မှတ်ခိုင်းထားပြီး နောက်တပတ်မှာ သူတို့ ၂ ယောက်ရဲ့ အ ကြံပြုစာတင်ခိုင်းပြီး အဲဒီတပတ်မှာဦးဆောင်မယ့်အဖွဲ့က အဲဒီအကြံပြုချက်တွေအတိုင်း လုပ်ဆောင်မယ်လို့ စီစဉ်ထားတယ်။"

ဒီလို ကလေးသူငယ်များ အတွက် အကြိုးရှိတဲ့ အလုပ်တွေလုပ်ပေးနိုင်ဖို့ အလှူငွေဝိုင်း ၀န်း ထောက်ပံ့ကြတဲ့ သူငယ်ချင်းများကို အထူးကျေးဇူးတင်ပါတယ်။ ဒီပို့စ်လေးဖတ်ပြီး လှူတန်းဖို့ စေတနာ ပေါ်လာရင် masaint@gmail.com ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။

သို့ တပြီးသား၊ သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။ ~ ဆရာဇော်ဂျီ

ကိုယ်တို့မြေ အခြေတိုးမြင့်စေဖို့ တတ်နိုင်သမျှ ကြိုးစားရင်း

No comments: