ရန်ကုန်ကနေ (ရ)နာရီထွက်လာတဲ့ လေယာဉ်ဟာ မန္တလေးမှာ ခရီးသည် တင်/ချ နဲ့ ဆီဖြည့် ပြီးတော့ ပြန်ထွက်လာတာ မြစ်ကြီးနားကို (၁၀)နာရီ ထိုးခါနီးမှာ ရောက်ပါတယ်။ ချက်ချင်းပဲ မြစ်ကြီးနားက ညီမလေး စီစဉ်ပေးထားတဲ့ ကားနဲ့ မြစ်ဆုံကို ထွက်တော့တာပါပဲ။ လေဆိပ်က ထွက်ထွက်ချင်း ဒုတိယ ကမ္ဘာ စစ်တုန်းက အိန္ဒိယနိုင်ငံ လီဒိုမြို့  ကနေ တရုပ်ပြည် ကူမင်းမြို့ုကို ဆက်သွယ်ဖို့ ဖေါက်ထားတဲ့ လီဒို လမ်းမကြီး ပေါ်က မောင်းရတော့ သမိုင်းရဲ့  တစ်ပိုင်းတစ်စ ကို ဆက်စပ်မိသလိုလို။ လီဒိုလမ်းမကြီးက မြစ်ကြီးနားကိုရော ဗန်းမော်ကိုပါ ဖြတ်တာဆိုတော့ အခုလက်ရှိ အသုံးပြုနေဆဲ မြစ်ကြီးနား-ဗန်းမော် လမ်းက လီဒိုလမ်းမကြီးရဲ့  အစိတ်အပိုင်း ဖြစ်မယ်လို့ ထင်မိပါတယ်။ အခု Wiki ထဲမှာ ရှာကြည့် တော့ မြစ်ကြီးနား-ကန်ပိုင်တီ လမ်းကို လီဒိုလမ်းမကြီးရဲ့  အစိတ်အပိုင်း အဖြစ် ပြန်လည် တည်ဆောက်ထားတယ်လို့ တွေ့ရတယ်။
မြစ်ကြီးနား မြို့ ထဲက နေမြို့ ပြင် ဆယ်မိုင်အထိ လမ်းတွေအရမ်း ကောင်းတော့ မြန်မြန်မောင်း လို့ရပေမယ့် ဆယ်မိုင်ကျော်တော့ လမ်းတွေက ပြုပြင်ဆဲမို့ ကြမ်းလည်းကြမ်း ဖုန်လဲထူပါတယ်။ လမ်းတစ်ဝက်လောက်မှာ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်း ရဲ့  စက်ရုံကြီး နဲ့ ဆည်တည်ဆောက် တဲ့ အခါ ရွှေ့ပြောင်း ပေးရမယ့် ရွာတွေကို ပြန်လည်နေရာ ချထားမယ့် အိမ်ယာနေရာ ပြန်လည် ချထားရေးဇုံကို ဖြတ်သွားရပါတယ်။ ခိုင်ခိုင်ခံ့ခံ့ အိမ်ကောင်း တွေဆောက်နေတာ တွေ့ ရ ပေမယ့် ဒီအိမ်တွေကို ပြောင်းလာ မယ့် ရွာသားတွေ ဘယ်လို ရမှာလည်း ဆိုတာတော့ မသိခဲ့ရပါဘူး။
အဲဒီ နေရာလောက်ကနေပဲ ကျိန်ခရန် ရေအားလျှပ်စစ် စက်ရုံ ရှိခဲ့ဘူးတဲ့ တောင်ကြား နေရာကို လှမ်းမြင် ရပါတယ်။ ကျိန်ခရန် ရေအားလျှပ်စစ် စက်ရုံဟာ တည်ဆောက်ပြီးလို့ လျှပ်စစ် ထုတ်လုပ်နိုင် ခါမှ တောင်ပေါ်က ဒလဟော ကျလာတဲ့ တောင်ကျရေတိုက်စား ပြီး စက်ရုံကော အနီးအနားက ရွာတစ်ချို့ ပါ ပျက်စီး ဆုံးရှုံးခဲ့ ရပါတယ်။ တောင်ကျရေရဲ့  အားကြီးပုံကို အခုထိမြင်နေရသေးတဲ့ လက်သဲနဲ့ ကုတ်ခြစ်ထားသလို အစင်း ကြောင်းကြီးတွေကို ကြည့်ခြင်းဖြင့် ခန့်မှန်းနိုင်ပါတယ်။ အဲဒီ အစင်းကြီးတွေက ရေအားကြောင့် သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်ကုန်ပြီး မြေကြီးတွေ ပေါ်နေတာပါ။
ကဲ.. ရောက်ဖူးချင်လှတဲ့ မြစ်ဆုံကို ရောက်လာပါပြီ။ အပန်းဖြေစခန်း အ၀င်ဝက စေတီတော်က ရွှေရောင်တ၀င်းဝင်းနဲ့ သစ်လွင်လို့ နေပါတယ်။
ကေဂျာနူးရဲ့  သီချင်းထဲကလို “ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ တန်ဖဲ(ရ်)ရွာအလွန် ဧရာဝတီ မြစ်ဖျားက မေခ မလိခ ပေါင်းဆုံရာ ဒေသ” ပါ။ (ကချင်လိုတော့ မလိခကို အင်မိုင်ခ လို့ ခေါ်ပါတယ်)
မိုးရွာရင်တော့ စိမ်းလန်းသော မျက်ခင်းတွေ စိုပြေနေမယ်ထင်ပါရဲ့ ။ အခုတော့ အလယ်ပိုင်း/ မုတ်သုန်သစ်တော တွေမှာ သစ်ရွက်တွေ ကြွေတဲ့ ခြောက်သွေ့ ရာသီဖြစ်တာကြောင့် သိပ်စိမ်းလန်းမနေပါဘူး။ မလိခက ကျောက်ဆောင်တွေ ပေါများပြီး ရွှေကျင်သူတွေများလို့ ရေလည်း ပိုနောက်ပါတယ်။ မေခကတော့ ရေကြောင်းပြန့်ပြူး ပြီး ရေလည်းပို ကြည်ပါတယ်။
ရေစီးကတော့ နှစ်ခုလုံးမှာ မြန်ပုံရပါတယ်။ သွားရလွယ်တဲ့ မေခဘက်ကိုပဲ မြစ်ဆုံ နားနီးတစ်ဝိုက် က ရွှေကျင် နေတာလေးတွေ ကြည့်ရအောင် စက်လှေလေးနဲ့ တက်လာခဲ့ ပါတယ်။ ရွှေကျင်တဲ့ စက်တစ်ခုမှာ ရှေ့ ကနေမြင်ရတာက အစိမ်းရောင် အစကြီး အောက်ကခင်းထားတဲ့ ရေတံလျှောက် ပေါ်ကို စီးကျလာမယ့် သဲနဲ့ ရေအရောပါ။
အဲဒီလို ကျလာဖို့ကတော့ နောက်ဖက်ကနေ မြေကြီးကို ရေနဲ့ ရောအောင်လုပ်ပြီး စက်နဲ့ တင်ပေးရပါတယ်။ မြေမျက်နှာပြင်အညီကနေ စလိုက်တာ မြေကြီးတွေ စုပ်တင်ရင်းနဲ့ တွင်းကြီးတွေ ဖြစ်သွားပါတယ်။ သဲနဲ့ ကျောက် ရောနေတဲ့ မြေသားကို စက်နဲ့ စုပ်တင်နိုင်ဖို့ ရေကို မြစ်ထဲကနေပြီးတော့ ပန့်နဲ့ စုပ်ပြီး တွင်းထဲကို ထည့်ပေးရပါတယ်။ တွင်းကြီးတွေက မြစ်ကမ်းဘေး လေးတင်လည်းဖြစ်၊ မြေတွေကလည်း သဲနဲ့ ကျောက်ဆိုတော့ တွင်းပြိုမယ့် အန္တရာယ်ကလည်း မသေးလှပါဘူး။
ပလပ်စတစ် နဲ့ လုပ်ထားတဲ့ အစိမ်းရောင် အစကြီးပေါ်ကို မြေကြီးတွေနဲ့ ရေအရော စီးကျလာတဲ့ အခါ ကျောက်တုန်းတွေ အပါနည်းအောင်လို့ ရေတံလျှောက်ကြီးရဲ့  အပေါ်မှာ သံချောင်းတွေနဲ့ ဇကာခံထားပါတယ်။
တစ်နေကုန်တဲ့ အခါ အဲဒီ ပလပ်စတစ် အစကြီးပေါ်တင်နေခဲ့ သမျှ ရွှေမှုန်ရွှေစလေးတွေ၊ ရွှေချီးတွေ ရောနေတဲ့ သဲတွေကို ခါချပြီး အရပ်အခေါ် “ဆေး” လို့ခေါ်တဲ့ ပြဒါးနဲ့ ရွှေတွေကို ခွဲထုတ်ရပါသတဲ့။ ဒီလိုစက်မျိုးကနေရတဲ့ ရွှေမှုန်လေးတွေဟာ အချိုမှုန့်ခဲလောက် ရှိတယ်လို့ ဆိုပါတယ်။ တစ်နေ့ကို ရွှေတစ်ကျပ်သားလောက် ရမယ်ထင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလိုစက်မျိုးတွေက ကုမ္ပဏီတွေ က ပိုင်တာဆိုတော့ သူဌေး သို့မဟုတ် သူဌေးလူယုံက ညနေကျ လာသိမ်းမယ် ထင်ပါရဲ့ ။ အလုပ်လုပ်နေတဲ့ သူတွေရဲ့  လေသံကို နားထောင်ရ သလောက် မြေပြန့်ကနေ အလုပ်လာလုပ် တဲ့သူတွေများ ပုံရပါတယ်။
စက်ကြီးတွေက ကျလာတဲ့ စွန့်ပစ်ထားတဲ့ သဲတွေထဲကနေ ရွှေကျင်နေတဲ့ ကလေးတွေ ကိုလည်း တွေ့ခဲ့ပါတယ်။ သူတို့လေးတွေက သဲတွေကို ဗန်းဝိုင်းလေးတွေ နဲ့ ရေထဲချကျင် ပြီး တစ်မှုန်စ နှစ်မှုန်စ ပါလာတဲ့ ရွှေမှန်လေးတွေကို စုယူရတာပါ။ သူတို့တွေကို စကားပြော ကြည့်တော့ တစ်နေ့စာ လုပ်အားစိုက်ထုတ် တာချင်း တူရင် ရွှေရှာတာက အခြားသော အလုပ်များထက် ပိုရတယ်လို့ နားလည်ရပါတယ်။
ဓါတ်ပုံ ရိုက်ချင်ပါတယ်လို့ ခွင့်တောင်းတော့ ကလေးမလေး က ဓါတ်ပုံထဲမှာ ပေါ်အောင် သူရသမျှ စုထားတဲ့ ခွက်ထဲက ရွှေစလေးတွေကို ဗန်းထဲမှာ ထည့်ပေးပါတယ်။ မြေဂေါ်ပြား တစ်ဂေါ်စာမှာ ဒီလို ရွှေစလေးတွေ ၂စ ၃စ ပါတတ်တာပါ။ သူက ဓါတ်ပုံ ရိုက်ဖို့ ဗန်းထဲကို ရွှေစလေးတွေ ပြန်ထည့် ပြီး ရေနဲ့ ပြန်ကျင်း ပေးနေတော့ သူ့ ရွှေစတွေ ပျောက်သွားမလား လို့ ကိုယ်က စိတ်ပူမိတယ်။ သူတို့ကတော့ ဒီရွှေမှုန်လေးတွေနဲ့ အလုပ်လုပ်နေကျဆိုတော့ ရွှေစလေးတွေ ရေထဲကျသွားမှာ ကို စိတ်မပူပါဘူး။
အောက်ဖက်ကို ပြန်ဆင်းလာတော့ မြစ်လယ်မှာ ၀ါးဖေါင်တွေနဲ့ ရေအောက်ငုပ်ပြီး ရွှေရှာနေတဲ့ သူတွေကိုလည်း တွေ့ရပါတယ်။ ကမ်းနားနီးတဲ့ ဖေါင်တစ်ခုမှ မရှိလို့ ဆင်းမကြည့်ခဲ့ရဘူး။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီး ပြီးသွားရင်တော့ သူတို့တွေ နေရာပြောင်းပြီး ရွှေပဲဆက် ကျင်ကြမလား၊ လုပ်ငန်းသစ်တွေ ပေါ်လာလို့ သက်မွေးဝမ်းကျောင်း အသစ်တွေ ပေါ်လာမလား ဆိုတာ စိတ်ဝင်စားစရာပါ။ မြစ်ဆုံဆိုတာ ကချင်ပြည်နယ်ရဲ့  အထိမ်းအမှတ် မို့ ဒေသဆိုင်ရာ Cultural Value မြင့်မားလှပါတယ်။ ရေအားလျှပ်စစ် စီမံကိန်းကြီးဟာ မြစ်ဆုံကိုသာမက ကချင်ပြည်နယ်တစ်ခုလုံး အပြင် ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ကိုလည်း အနည်းနဲ့ အများ ပြောင်းလဲစေမှာ သေချာပါတယ်။ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီး ကသယ်ဆောင်လာမယ့် ကောင်းကျိုးတွေဟာ ဒေသနဲ့ တိုင်းပြည်က ပေးဆပ် လိုက်ရတာတွေထက် သာလွန်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
The paradox of insular language
1 year ago
1 comment:
I also wish same as you.
Post a Comment