စင်္ကာပူမှာ ပထမဆုံးလုပ်မယ့် စာပေဟောပြောပွဲကို ခပ်စောစောကတည်းက မျှော်လင့်စောင့်စားနေခဲ့မိပေမယ့် မျက်ရည်ကျလောက် အောင်ထိခံစားရမိမယ်လို့တော့ မထင်မိတာအမှန်ပါ။ မြန်မာပြည်မှာနေစဉ်ကတည်းက စာပေဟောပြောပွဲတော်တော်များများ နားထောင်ခဲ့ ဘူးပါတယ်။ ဒီနေ့ လောက်ထိရင်ထဲကိုလှိုက်လှိုက်လှဲလှဲ မထိခဲ့ဘူးပါဘူး။ စာပေအနုပညာနဲ့ အစဉ်မပြတ် ထိတွေ့ခွင့်ရနေတော့ အဲဒီအချိန် တုန်းကသိပ်မခံစားခဲ့ရတာများလားလို့လည်းတွေးမိပါရဲ့ ။ ရင်ကိုပြင်းပြင်းထိစေတဲ့အချက်တွေကိုတွေးကြည့်လိုက်ရင် စာပေအနုပညာ စစ်စစ်နဲ့ ဆယ်နှစ်ကြာနီးပါး အနီးငယ်ဝေးနေခြင်းက ပထမဆုံးအချက်ဖြစ်မယ်ထင်တယ်။ အဲဒီထက်ပိုအဓိကကျတာကဟောပြောသော စာရေးဆရာများရဲ့ ကာလံ ဒေသံ ကိုက်ညီသောအကြောင်းအရာတွေကို ရွေးချယ်ပြီး ကဗျာ၊ ခွန်းထောက်၊ အရွှမ်း စုံညီစွာနဲ့ ရင်ထဲရောက်အောင် ပို့နိုင်မှုပါ။ ပေးချင်တဲ့ အချက်အလက်က ဘယ်လောက်ပဲကောင်းကောင်းအနုပညာမဆန်ရင် ပရိသတ်ရဲ့ ရင်ထဲကို ဘယ်လိုမှမရောက်နိုင်ပါဘူး။ အနုပညာဆန်လှသော စိတ်နှလုံးသားအာဟာရဖြည့် ပေးတဲ့ပွဲအတွက် စီစဉ်သူ လူငယ်များနဲ့ ဦးဆောင်ပေး သူ ဒေါ်သန်းသန်းနုကိုလည်း ကျေးဇူးတင်ရပါတယ်။
ဆရာနေ၀င်းမြင့်က စာကိုသာမကစိတ်ကိုပါသင်တယ်ဆိုတဲ့သူ့ရဲ့ ငယ်ငယ်က ဆရာ၊ဆရာမများအကြောင်း၊ သူတို့ကျောင်းမှာ မနက်စော စော Assembly မှာ နိုင်ငံတော်သီချင်းကို ညီအောင်ဆိုရတဲ့အကြောင်းတွေပြောတော့ ကိုယ်ရဲ့ ငယ်ဆရာတွေ၊ မူလတန်း၊ အလယ်တန်း နဲ့ အထက်တန်းကျောင်းသားဘ၀တွေကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်ရင်း ကိုယ့်တူတွေ တူမတွေရော ကိုယ်တို့တုန်းကလို စာသာမက စိတ်ကိုပါသင်ပေးမယ့် ဆရာ၊ ဆရာမကောင်းတွေနဲ့မှ ကြုံခွင့်ရပါ့မလားလို့လည်း တွေးမိသေးတယ်။ ဆရာပြောတဲ့ မြန်မာများဟာ နှစ်ပေါင်းများစွာ ခိုင်မာသောအနုပညာ၊ ယာဉ်ကျေးမှုတွေနဲ့နေလာခဲ့တဲ့ လူမျိုး ဖြစ်တယ်ဆိုတာတွေကြားရတော့ ဒါလိုစကားတွေဟာ ကိုယ်တို့လို မိဝေးဖဝေး တစ်ရပ်တစ်ရွာမှာ သူများအောက်မကျအောင် ကြိုးစားအားထုတ်ရင်း၊ တစ်ခါတစ်ခါ Identity Crisis တွေဖြစ်ရ၊ တစ်ခါတစ် လေ Identity ပျောက်လုနီးနီးဖြစ်ရတတ်သူတွေအဖို့ အလွန်တန်ဖိုးရှိလှပါလားလို့ တွေးမိပြီး ဆရာ့ကို အထူးကျေးဇူးတင်မိ ပါတယ်။
ဆရာပြောသွားတာတွေထဲက သဘောမကျနိုင်တာလေးတစ်ခုကတော့ မြန်မာများဟာ တစ်ဖက်သားကိုရိုသေသမှု၊ လေးစားသမှုတွေ အပြည့် နဲ့ ကိုယ့်ကိုယ်ကို တော့အလွန်နှိမ့်ချပြီးဆက်ဆံတတ်တယ်ဆိုတာပါ။ ကိုယ်ကတစ်ဖက်သားကိုလေးစားသမှုနဲ့ မိမိကိုယ်ကို နှိမ့်ချဆက် ဆံတာကိုသဘောကျပေမယ့် တစ်ဖက်သားက ကိုယ့်ရဲ့နှိမ့်ချရိုကျိုးမှုကို တန်ဖိုးမထားတတ်တဲ့သူ၊ ကိုယ့်ကိုဖိနင်းမယ့်သူများ ဖြစ်နေခဲ့ရင် တော့ ကိုယ့်ရဲ့ နှိမ့်ချတတ်မှုကို လျှော့ချရမယ်ထင်တာပဲ။
ဆရာပြောတဲ့ ဦးနှောက်ကိုသာမက နှလုံးသားကိုပါဖွင့်ထားဖို့ဆိုတာကို အပြည့်အ၀နားလည်လက်ခံပါတယ်။ English ကောင်းအောင်ကြိုး စားရင်း အင်္ဂလိပ်ဘာသာနဲ့ရေးထားတဲ့စာတွေဖတ်၊ ရုပ်ရှင်တွေကြည့်နဲ့ အနုပညာကို အနုပညာလိုမခံစားဖြစ်တဲ့အချိန်တွေလည်းရှိခဲ့ဘူး တာကိုး။ ဆရာတို့ အခုလိုတစ်မြေရပ်ခြားထိအရောက်လာပြီး နှလုံးသားတံခါးတွေလာဖွင့်ပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါ။
တရားမင်ပြီး ပုဂ္ဂိုလ်ခင်သလား၊ ပုဂ္ဂိုလ်ခင်ပြီး တရားမင်သွားသလားမခွဲခြားနိုင်ပေမယ့် မျက်ရည်ကျလောက်အောင်ထိသွားတာကတော့ ဆရာမဂျူးက ဆရာဇော်ဂျီရဲ့  သင်သေသွားသော် ကဗျာနဲ့ ဆရာမင်းသုဝဏ်ရဲ့  သပြေညို ကဗျာများကို ရွတ်ဖတ်တဲ့အချိန်ပါ။
ဆရာမဂျူးက "စာရေးဆရာတစ်ယောက်ရဲ့  မှတ်စုများ"ဆိုတဲ့ ခေါင်းစဉ်နဲ့ဟောပြောပါတယ်။ အချစ်အကြောင်းခဲ့ရေးတဲ့ဂျူး၊ Gender Equality အကြောင်းရေးတဲ့ဂျူး၊ ကြွပ်ကြွပ်အိပ်အကြောင်းရေးတဲ့ဂျူး၊ ပညာရဲ့ အရေးပါပုံကိုရေးတဲ့ ဂျူး၊ အခုလက်ရှိ Humanitarian အကြောင်းတွေ ရေးနေတဲ့ဂျူးပါလို့ ဆရာမဂျူးကသူ့ရဲ့ စာရေးဆရာမဘ၀ကို ငါးပိုင်းခွဲပြသွားခဲ့ပါတယ်။ အချစ်သန့်သန့်အကြောင်း ရေးတဲ့ "အမှတ်တရ" ကနေပြီး Gender Equality ကိုပါရေးတဲ့ ၀တ္ထုတို/ရှည်များ၊ သဘာဝပါတ်ဝန်းကျင်အကြောင်း တွေရေးတဲ့
"ကမ္ဘာမြေရဲ့ ချစ်သူ" လိုဝတ္ထုတို၊ ၀တ္ထုရှည်များ၊ နောက် ပညာအကြောင်း ရေးတဲ့ "စောင့်နေမယ်လို့မပြောလိုက်ဘူး" တွေကို ကျော်ဖြတ်ပြီး Poverty တို့ Humanitarian တို့ကိုရေးတဲ့ "သူ... မင်းကို... ဘယ်တော့မှ" လိုဝတ္ထုများကို တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲ လာပုံ။ အဲဒီလိုပြောင်းလဲလာစေတဲ့ဘေးပါတ်ဝန်းကျင်က လွှမ်းမိုးမှုတွေ၊ သူ တေးမှတ်ထားတဲ့ မှတ်စုတွေ အကြောင်း အစီအစဉ်ကျကျ အချက်အလက် ပြည့်ပြည့်စုံစုံ နဲ့ဟောပြောသွားပါတယ်။
ကိုယ့်ရဲ့ ဘ၀ပြောင်းလဲမှူဖြစ်စဉ်တွေကိုပြန်ကြည့်လိုက်တော့ ဆရာမဂျူးအချစ်ဝတ္ထုတွေရေးစဉ်က ကိုယ်ကနုငယ်စဉ်ကာလ၊ သူသဘာဝ ပါတ်ဝန်းကျင်ထိမ်းသိန်းမှုတွေစရေးတော့ ကိုယ်က English ကိုသေသေချာချာလုပ်မိတဲ့အချိန် USIS မှာစာသွားသွားဖတ်ရင် GM Food နဲ့ Environmental Issues တွေအများဆုံးတွေ့ ရတဲ့အချိန်တွေပါ။ အဲဒီနောက်မှာတော့ ကိုယ်အိမ်ကထွက်လာခဲ့ပြီ။ ဒီရောက်လာခါစနှစ် တွေမှာကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ရုန်းကန်ရတော့ စာအုပ်တွေနဲ့တော်တော်ဝေးခဲ့ရတယ်။ ကိုယ်အလုပ်ကလေးအတည်တကျ ဖြစ်လာလို့ စာပြန်ဖတ်နိုင်တဲ့အချိန်မှာ ဆရာမက Environmental အကြောင်းတွေရေး တစ်ချို့ သောပရိတ်သတ်က ချီးမွမ်းကြ၊ တစ်ချို့  က အချစ်ဝတ္ထုပဲရေးပါလို့ ပြောကြဖြစ်နေတဲ့အချိန်တွေပေါ့။ အဲဒီနောက်မှာတော့ ၀တ္ထုတိုတွေသိပ်မဖတ်ဖြစ်ပြန်ဘူး။
"စောင့်နေမယ်လို့မပြောလိုက်ဘူး" ကိုဖတ်ရတော့ ကိုယ့်မွေးရပ်မြေမှာ ခေတ်ရေစီးကြောင်းပြောင်းလဲလာတာ၊ လူငယ်လေးတွေ NGOတွေ နဲ့ ကိုယ်တို့ရှိစဉ်ကထက် အများကြီးပိုပြီး ထိတွေ့လုပ်ကိုင်နေကြတာတွေကို သတိထားမိတယ်။ လူငယ်လေးတွေ ပြည်ပကိုထွက်ဖို့ လမ်းကြောင်းတွေ ပိုဖေါက်ထွက်ဖို့ကြိုးစားကြတာတွေကိုလည်း မြင်မိပါတယ်။ စိတ်အ၀င်စားမိဆုံးကတော့ ဆရာမကို ပညာရေးရဲ့ အရေး ပါပုံတွေကို ရေးဖြစ်စေတယ်ဆိုတဲ့ MIT ကကျောင်းသားရဲ့ မေးခွန်းကို ပြန်ဖြေတဲ့ ဆရာမရဲ့ အဖြေပါ။ Education ဆိုတာ အလုပ်ရဖို့တစ်ခု ထည်းအတွက်မဟုတ်ဘဲ တွေးခေါ်တတ်ဖို့ (Education teaches how to think) လူ့ ယာဉ်ကျေးမှုကိုလက်ဆင့်ကမ်းသယ်ဆောင်ဖို့ (Education transmits Civilization) လွတ်လပ်စွာတွေးခေါ်နိုင်သောသူ အဖြစ် ရပ်တည်နိုင်စေဖို့ (Education liberates individuals) နဲ့ ဆရာမက လူ့ကျင့်ဝတ်လို့သုံးလိုက်တယ်ထင်ပါတယ် (Education teaches morality) စတဲ့ အချက်ငါးချက် ပါ။ ကိုယ်တိုင်ကလည်း ပညာရေးသည် လူကိုမြင့်ရာသို့ ဆွဲတင်နိုင်သောလှေခါးလို့  နက်နက်ရှိုင်းရှိုင်းယုံကြည်ပါတယ်။
သူ... မင်းကို... ဘယ်တော့မှကို ၂၀၀၇ မှာစရေးတာဆိုတော့ ဆရာမရဲ့  Humanitarian ကိုစိတ်ဝင်စားမှုက Nagis မတိုင်ခင်ကတည်းက စတာပေါ့ နော်။ ဆရာမပြောတဲ့ "အ၀ါ ရောင်ရထား" ကိုဘယ်မှာဖတ်မိမှန်းမသေချာပေမယ့် "ကိုယ်သာဒီဇာတ်ကောင်ရဲ့ နေရာမှာ ဆိုရင်.... " ရယ်လို့ တွေးမိတာကို သတိရနေသလိုလို။
ကိုယ့်လိုသာမာန်လူတစ်ယောက်ကိုတောင်မှ Nagis က Humanitarian အလုပ် တွေကို သတိထားမိစေတာ ဆရာမရဲ့  Humanitarian အလုပ်တွေတစ်ဟုန်ထိုး (အခုဆို သုံးလေးခုတောင်) တိုးပွားလာတာကိုနားလည်ကြည့်လို့ရပါတယ်။ မိဘမဲ့လေး ၈၅ ယောက်ရယ်၊ AIDS ရောဂါကူး စက်ခံရတဲ့ သုခရိပ်မြုံက ကလေးတွေရယ်ကို အစာအဟာရတွေ ရှာဖွေကျွေးရင်း ကျနော်တို့လိုနှလုံးသားအဟာရလိုအပ် သူတွေအတွက်အချိန်လေးနည်းနည်းချန်ဖို့ မမေ့ပါနဲ့လို့လည်း ပြောချင်ပါတယ်။
ှဆရာမဂျူးက ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာကိုကိုးကားပြီး ပိုကောင်းတဲ့ လောကဖြစ်အောင်အထောက်အကူပြုစေဖို့ ကိုယ်တိုင် ပညာတွေပိုတတ်အောင် ကိုယ်တိုင် ကြိုးစားမဲ့အပြင်၊ သူများကိုလည်းဝေမျှဖို့ ကြိုးစားနေဦးမယ်၊စာတွေကိုလည်းဆက်ရေးနေဦးမယ်လို့ ပြောသွား ပါတယ်။
သင်သေသွားသော်
( ဇော်ဂျီ )
ဪ..လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ကျန်ကောင်းသင့်၏
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း ။
နောက်ဆုံးမှာတော့ နှစ်သစ်မှာမင်္ဂလာရှိစေဖို့ ဆရာမင်းသုဝဏ်ရဲ့  သပြေညို ကဗျာရွတ်ဖတ်ပြီး နိဂုံးချုပ်သွားပါတယ်။
သပြေညို
(မင်းသုဝဏ်)
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို။
တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေဗဟိုရ်
လေချိုကအသွေး။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွှမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။
ကျနော်တို့လို ဘယ်တော့ပြန်ဖြစ်မလဲလို့မသေချာ မရေရာသေးသောသူတွေလည်း သပြေညိုကဗျာလေး ရွတ်ရင်း၊ တတ်နိုင်သမျှ လူမှုရေးလုပ်ငန်းလေးတွေမှာ ပါဝင်ရင်း တစ်နေ့မှာ အောင်စည်ရွှမ်းရတဲ့နေ့ကို ရောက်ဖို့ စောင့်မျှော်နေပါတယ် ဆရာမရယ်။
ဆရာချစ်ဦးညိုရဲ့ အရွှမ်း၊ အဆိုပညာ တွေကိုလည်း လက်ဖျားခါရပါတယ်။ ဆရာ ရွတ်ဖတ်သွားတဲ့ ဗေဒါလမ်းကိုလည်း ရင်ထဲမှာနင့်နင့်နဲနဲ တစ်ခါပြန် ခံစားရတယ်။ စာပေဟောပြောပွဲကို နားထောင်ရုံသက်သက်မဟုတ်ဘဲ ရင်ထဲကခံစား လာခဲ့တာဖြစ်တဲ့အတွက် ပရိသတ်တစ်ယောက် အနေနဲ့ ကိုယ့်ကိုယ်ကို လည်းတာဝန်ကျေတယ်လို့တော့ ထင်မိတာပါပဲ။
The paradox of insular language
1 year ago