Wednesday, June 2, 2010

ပိုက်ဆံအိတ် ကောက်ရသူများနှင့် ကျမ

အင်မတန် နမော်နမဲ့ နိုင်တဲ့ ကျမ အလုပ်တစ်ဖက် ကျောင်းတက်ဖက်နဲ့ ဗျာများရတဲ့ ၂၀၀၁ ကနေ ၂၀၀၃ အတွင်း ပိုက်ဆံအိတ် သုံးခါ ပျောက်ပါတယ်။ ပထမဆုံးတစ်ခါက အလုပ် ပြီးလို့ ကျောင်းသွားဖို့ အထွက်မှာ အလုပ်လုပ်တဲ့ ကုမ္ပဏီ ရှိရာ အဆောက်အဦး က အိမ်သာမှာ မေ့ကျန်နေခဲ့ တာပါ။ ကျောင်းတက်စဉ် ကာလက ကျောင်းသားကဒ်နဲ့ အမေရိကန်ဒေါ်လာ သုံးရာပါတဲ့ ပိုက်ဆံအိတ်ဟာ အသက်တမျှ အရေးကြီးပါတယ်။ ကားဂိတ်မှာ ပိုက်ဆံအိတ်ပျောက်ပြီလို့ သိသိချင်း ခေါင်းတွေထူပူပြီး အဆောက်အဦး ဆီကိုပြန်ပြေး ရပါတယ်။ ကိုယ့်ရုံးရော အနီးအနားက ကုမ္ပဏီတွေပါ သော့ခတ်ကုန်ကြပါပြီ။ နှစ်ခန်းကျော်လောက်က ဆံပင်ဆိုးဆေးတွေနဲ့ ဆံပင် ညှပ်ဆိုင်တွေမှာ သုံးတဲ့ ပရိဘောဂတွေ ရောင်းတဲ့ ကုမ္ပဏီတစ်ခုပဲ လူရှိတော့တယ်။ ဘာလုပ်ရမှန်း မသိ၊ ဘယ်သူ့မေးရမှန်း မသိ ဖြစ်နေတုန်း အမျိုးသမီးတစ်ယောက် ရုံးခန်းထဲက ထွက်လာပြီး "ပိုက်ဆံအိတ်ပျောက်လို့လား" လို့မေးပါတယ်။ ဟုတ်ပါတယ် ဆိုတော့ အိတ်ကိုထုတ်ပေးပြီး သန့်ရှင်းရေး လုပ်တဲ့ သူက လာပေးထားတာလို့ လည်းပြောပါတယ်။

ကိုယ့် ရုံးရှိရာ အဆောက်အဦးက အပျံစား အဆောက်အဦး မဟုတ်လေတော့ သန့်ရှင်းရေးကိုလည်း အိမ်သာတွေ အားလုံးအတွက် ဘင်္ဂလားဒေ့ (ရှ်) နိုင်ငံသား ယောက်ျားလေး တစ်ယောက်ပဲ ထားပါတယ်။ မျက်မှန်းတန်းနေ ပေမယ့် စကားတော့ မပြောမိဘူးပါ။ ပိုက်ဆံအိတ် ပြန်ရရချင်း အရင်ဆုံးသိချင်တာက ပိုက်ဆံတွေ အိပ်ထဲမှာ ရှိသေးရဲ့ လားဆိုတာကိုပါ။ အဲဒီ အတွေး ပေါ်လာတာနဲ့ တစ်ပြိုင်နက် ကိုယ့်ကိုကိုယ် လည်း နည်းနည်းတော့ အပြစ်တင်မိပါသေးတယ်။ သူယူချင်မှတော့ အိတ်တောင် ပြန်ပေးနေစရာ မရှိဘူး မဟုတ်လား။ အိတ်ထဲက ပစ္စည်းတွေ ဘာမှ လက်ရာ မယွင်းပါ။

နောက်နေ့ကျတော့ အဲဒီကောင်လေးကို ကျေးဇူးတင်စကား သေသေချာချာ ပြောပါတယ်။ နောက်လည်းလမ်းမှာတွေ့ရင် သေသေချာချာ နုတ်ဆက်ပါတယ်။ စိတ်ထဲမှာ တစ်ခုခုလေး ၀ယ်ပြီး လက်ဆောင်ပေးချင်စိတ် လည်းခဏခဏ ပေါက်ပါတယ်။ သူ့ကို တစ်ခုခု လက်ဆောင်ပေးဖို့ စဉ်းစားတိုင်း သူ့စေတနာကို တန်ဖိုးဖြတ်ရာများ ကျမလားလို့ တွေးမိပြီး သူတိတ်တဆိတ် ပျောက်ကွယ်သွား တဲ့ အထိ ဘာမှ မပေးဖြစ်ခဲ့ပါ။ အလုပ်က တစ်ခြားနေရာကို ပြောင်းသွားတာလား၊ သူ့တိုင်းပြည်ပြန်သွားတာလား ဆိုတာတောင် မသိတော့ပေမယ့် သူ့အလုပ်ကို ဆက်လုပ်တဲ့ အလုပ်သမား အသစ်ကလေးကို မြင်တိုင်း ငါ့ဟာ တော်တော် အတွေးကြောင်တယ်။ တွေးလွန်းလို့ ဘာမှကို မပေးဖြစ်လိုက်တာလို့ နောင်တရသလိုလို ဖြစ်နေတတ်တယ်။

ဒုတိယတစ်ခါကတော့ ဘတ်(စ်)ကား ပေါ်မှာပါ။ ကောက်ရတဲ့ အမျိုးသမီးက ပိုက်ဆံအိတ်ထဲမှာ ရှိနေတဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ဖုန်းကို ဆက်ပြီး ပြောလို့ ပြန်ရပြန်ပါတယ်။ တော်တော် အသက်ရှည်တဲ့ အိတ်ကလေးပါ။ ဒီတစ်ခါတော့ နောင်တ ထပ်မရချင်တာနဲ့ ကောက်ရတဲ့ အမျိုးသမီးကိုရော တစ်ဆင့် ဆက်သွယ်ပေးတဲ့ မိတ်ဆွေကိုပါ ကျေးဇူးတင်ပါတယ်လို့ လှလှပပရေးထားတဲ့ ကဒ်လေးတွေ ပေးဖြစ် ပါတယ်။ ပိုက်ဆံအိတ်ဆိုတာ ပျောက်သွားရင် ပြန်ရတတ်တယ်လို့ တော်တော် ခိုင်ခိုင်မာမာ ယုံကြည်မိခါမှဘဲ အိတ်ကတစ်ကယ် အပြီး ပျောက်သွားပါတော့တယ်။ ကျောင်းစာကြည့်တိုက် မှာ စာအုပ်ရှာရင်း ကောင်တာပေါ်မှာ မေ့ကျန်ခဲ့တာ၊ ငါးမိနစ်လောက် အချိန်အတွင်း သတိရတာ ဆိုတော့ သေချာပေါက် ပြန်ရလိမ့် မယ်လို့ ထင်မိတာလည်း ကျမ မလွန်ပါဘူးနော်။ တစ်ကယ်ပဲ ကျောင်းသားများသာ ၀င်ခွင့် ရတဲ့ အရှေ့တောင် အာရှမှာ စာအုပ် အစုံဆုံးပါဆိုတဲ့ အထင်ကရ စာကြည့်တိုက်ကြီးမှာ ကျန်ခဲ့ တော့မှဘဲ ပြန်မရတော့ပါ။ အိတ် တကယ် ပျောက်သွားတဲ့ အချိန်မှာတော့ အမေရိကန်ဒေါ်လာ မပြောနဲ့ စင်္ကာပူ ဒေါ်လာတောင် ဆယ်ဂဏန်းပဲ ပါတာပါ။ ယူသွားသူက ကျောင်းသား ကဒ်လေးတောင် ပြန်မပေးလို့ အသစ်ပြန်လုပ်ယူရပါတယ်။

၅ နှစ်လောက် ပိတ်ဆံအိတ်နဲ့ လူနဲ့ မြဲနေတဲ့ ဒေါ်စိမ့် တစ်ယောက် ဒီနေ့ တော့ အာရုံတွေ များလွန်းပြီး ပိုက်ဆံအိတ်ကို အိမ်သာထဲမှာ မေ့ကျန်ခဲ့ ပြန်ပါတယ်။ ဒီတစ်ခါတော့ မြို့လည်ခေါင်က ခမ်းခမ်းနားနား Shopping Mall ကြီးမှာပါ။ သူငယ်ချင်းနဲ့ စကားကောင်းနေလို့ နာရီဝက်လောက် နေမှ သိပါတယ်။ SPG (သူငယ်ချင်း တစ်ယောက်က ကိုယ်တို့ မွေးရာ ရွှေပြည်ကြီးကို ခေါ်သလို လိုက်ခေါ် ကြည့်တာ) ကနေ ဝေးတာကြာပြီး SGP ဆိုတဲ့ စင်္ကာပူမှာ နေတာကြာ တော့ ပိုက်ဆံအိတ် ကျန်ခဲ့တဲ့ အိမ်သာကို သွားမကြည့်ဘဲ Information Counter ကိုအရင်သွားပါတယ်။ လမ်းတော်တော် လျှောက်၊ ကောင်တာ နှစ်ခုကိုရောက် စာရွက် သေးသေးတစ်ခု ကြီးကြီး တစ်ခုကို ဖြည့်၊ တစ်ယောက်ယောက် လာပေးရင် ဆက်သွယ်လိုက် ပါ့မယ်ဆိုတာတွေကို နာခံပြီးတော့မှ နောက်ဆုံးမျှော်လင့် ချက်အနေနဲ့ အိမ်သာကို သွားကြည့်ပါတယ်။ Information Counter ကလူတွေရဲ့  စိတ်ထဲမှာတော့ အိတ်ထဲက ကဒ်တွေကို ပြန်လုပ်ရဖို့ ကုန်ရမယ့် အချိန်တွေကို တွက်ပြီး စိတ်တွေ ရှုပ်လို့ပေါ့။

သန့်ရှင်းရေးလုပ်တဲ့ အမျိုးသမီးကို တွေ့တော့ မရဲတရဲနဲ့ (Shopping Mall ကြီးကြီးတွေက သန့်ရှင်းရေး အမျိုးသမီး များက မထင်ရင် ဟောက်တတ်ပါတယ်) မေးကြည့်တော့ သူက "နာမည်ဘယ်သူလဲ" လို့မေးပါတယ်။ သူ့အမူအယာကို မြင်လိုက်တော့ သူအိတ်ကို တွေ့ထားပြီ ထင်တယ်လို့ ရုတ်တရက် အတွေးဝင်မိပါတယ်။ နောက်တော့ သူက သူတို့ပစ္စည်း သိုလှောင်ရာ အခန်းလေးထဲ မှာသိမ်းထား တဲ့ ပိုက်ဆံအိတ်ကို ထုတ်ပေးပါတယ်။ "နင်ဟိုနားမှာ ထားခဲ့တာ" လို့ ပြောပြီး သူ့အလုပ် သူဆက်လုပ်နေပါတယ်။ ဒီတစ်ခါ ပိုက်ဆံအိတ် ကို မြင်လိုက် ရတဲ့ အချိန်မှာတော့ ကိုယ့် အိတ်အကြောင်း သိပ်မတွေးမိဘဲ သူ့ကို တစ်ခုခုဝယ်ပေးပြီး သူ့ကျေးဇူးကို အသိအမှတ် ပြုချင်တဲ့ စိတ်က သိသိသာသာ လွှမ်းမိုးပါတယ်။ အချိန်က ညကိုးနာရီ ခွဲခါနီးဆိုတော့ သူ့ကို ဘယ်အချိန် အလုပ်ပြီးသလဲလို့ အရင်မေးရတာပေါ့။ အနီးအနားက စားစရာလေး နည်းနည်း ပြေးဝယ်ပြီး သွားပြန်ပေးတော့ သူက ကျေးဇူးတင်စကားတွေ ပြောပြီး အိတ်ထဲမှာ ဘာဖုန်းနံပါတ် မှမပါလို့ သူမဆက်ဖြစ်တဲ့ အကြောင်းရှင်းပြနေပါသေးတယ်။

အပြန်လမ်းမှာ တော့ တွေးမဆုံးပေါင်ပေါ့။ သန့်ရှင်းရေး လုပ်တဲ့သူတွေ ဘာကြောင့် ပိတ်ဆံအိတ်ကို ပြန်ပေးကြတာလဲ။ ဘာပဲဖြစ်ဖြစ် စိတ်ရင်းမှန်ကန် တယ်ဆိုတာတော့ သေချာပါတယ်။ နောက်တစ်ခုက "အူမတောင့် မှ သီလစောင့်နိုင်တယ်" ဆိုတဲ့ စကားပါ။ အူမတောင့်တယ် မတောင့်ဘူး ဆိုတာကို က ပညတ်ချက် တစ်ခုလား။ လူတစ်ဦး ချင်းပေါ်တည်ပြီး ဘယ်ဝင်ငွေရရင် အူမတောင့် နိုင်မှာလည်း ဆိုတာကလည်း ကွာမယ်ထင်ပါရဲ့။ ကောက်ရတဲ့ ပစ္စည်းကို ပြန်ပေး မပေး ဆုံးဖြတ်တဲ့ နေရာမှာ အတန်းပညာ ဟာ အဓိက မကျဘူးဆိုတာ တွေလည်း တွေးမိပါရဲ့။ ယူချင်တဲ့ စိတ်ရှိရင် တက္ကသိုလ် ကျောင်းသားလည်း ယူပါတယ်။ ကိုယ့်ကိုကိုယ် မေးမိတဲ့ မေးခွန်း တွေက တော့ ဘာဆိုရင် မယူဘူးလဲ။ ဘာဆိုရင် ယူမှာလဲ။ သူများပစ္စည်း ပြန်ပေးဖို့ အတွက် ဘယ်လောက် အင်အား စိုက်ထုတ်မှာလဲ။ အားလုံးကို ခြုံရေးလိုက် ရင်တော့ "ငါ့ အူမ ဘယ်လောက် တောင့်သလဲ" အဖြေတွေကို တော့ လက်တွေ့ကြုံရမှဘဲ သိမယ်ထင်ပါရဲ့နော်။

2 comments:

evergreen said...

Thanks for sharing the thinking! Takecare!

khin oo may said...

ပျောက်တယ် ပြန်မရပါ. စလုံး ရာကျော်ပါပါတယ်။