စွန့်စားချင်တဲ့စိတ်၊ ကိုယ့်ကိုကိုယ် စိန်ခေါ်ချင်တဲ့စိတ်၊ အရင်လိုမဟုတ်ဘဲ စိတ်သွားတိုင်း ကိုယ်က တရွတ်တိုက်နေတဲ့ ကျန်းမာရေး အခြေအနေလေး ပြန်လည်ထူထောင် လာအောင် ကြိုးစားချင်တဲ့စိတ် တွေနဲ့ တောင်တက်ခရီးစဉ်ကြီး နှစ်ခုကို အတည် စီစဉ် လိုက်ပါပြီ။ တကယ်တမ်း စနေ၊ တနင်္ဂနွေတွေမှာ တောင်တက်လေ့ ကျင့်ပြီဆိုတော့မှ ငါ မှားသွားပြီလားမသိ လို့ တွေးမိတာလည်း အမှန်ပါ။ ပင်ပန်း လွမ်းလို့ သူငယ်ချင်းတွေနဲ့ လည်းမတွေ့နိုင်၊ စာတွေလည်း မရေးနိုင် မဖတ်နိုင် ဖြစ်လာတော့ စိတ်ထဲမှာ နည်းနည်း ငြိုငြင်လာတယ်။ မူလက တက်ကြွတဲ့ စိတ်ကလေးတောင် ပျောက်ချင်ချင်။ ကိုအောင်ပြည့်တင်ထားတဲ့ ကဗျာလေးကို တွေ့လိုက်တော့မှ ကိုယ့်ကိုကိုယ် ပြန်ပြီး ဆန်းစစ် ဖို့မေးခွန်းတွေ မေးဖြစ်တော့တယ်။
တစ်တောင်ပေါ် တစ်တောင်ဆင့် တောင်အမြင့် ပတ်ခြံရံ။
တစ်တောင် ဆုံးပြန်တော့ တစ်လုံး ကျန်ပြန်ပေသမို့ ဖန်ဖန်လေ အားအင်နှိုးလို့ရယ် ကြိုး လျှောက်ရပြန်။
ခါတစ်လေ တကယ်ပန်းတာကြောင့် တော်ပါပြီ ဆက်မလှမ်းချင်ဘု ရပ်တန်းက ရပ်မယ်ကြံ အမှန်တော့ ဖြစ်နိုင်ပါ့မလား။
စခဲ့မိတာပေါ့ တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့် အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့ စိတ်နွမ်း အသာဖြေဦး မာလာငွေ ကန်ရေအေးရယ်နဲ့ ငှက်တေးကို အာရုံဆင်လို့ မူတစ်သွင် အားအင်သစ်လိုက်ပါ့ ချစ်ဖွယ့်လူသား။.........
လူတွေဘာ့ကြောင့် အပင်ပန်းခံပြီး တောင်တက်ကြသလဲ ဆိုတာက စရမှာပေါ့နော်။ ကိုယ့်အဖြေကတော့ ပို့(စ်)အစမှာ ရေးခဲ့သလို စွန့်စားချင်လို့ ၊ ကိုယ့်ကိုကိုယ် စိန်ခေါ်ချင်လို့ ၊ ကျန်းမာရေး ကောင်းချင် လို့ပါ။ ဆက်တွေးမိတာက ကိုယ်လိုချင်တဲ့ အကျိုးတွေ ရရဲ့ လား ဆိုတာပါ။ တကယ်တမ်း နာရီနဲ့ ချီပြီး တော့ လမ်းလျှောက်တဲ့ အခါကျတော့ အဲဒီ စွန့်စားတာတွေ၊ စိန်ခေါ်တာတွေက ဘယ်နားသွား ပုန်းနေတယ်မသိ။ ကျန်းမာရေးပဲ ကောင်းလာမလား၊ ကိုယ်လက် တွေနာပြီး ဖျားမလား လည်း မသေချာ။ တကယ်တမ်း ကြည်နူးကြေနပ်မိတာ ကတော့ သဘာဝလောကကြီး နဲ့ ထိတွေ့ခွင့်ရတာကိုပါ။ ကိုယ်က စင်္ကာပူက တောတွေထဲမှာ လမ်းလျှောက် တာဆိုတော့ ကိုယ့် အမေဖက်က အဘိုးအဘွားတွေ နေတဲ့ မွန်ပြည်နယ် က တောတောင်တွေနဲ့ တော်တော်ကို တူပါတယ်။ ကိုယ်ငယ်ငယ်က အဘိုးအဘွားတွေရဲ့  ရွာမှာတော်တော် ကြာကြာနေခဲ့ ရတာဆိုတော့ ကိုယ့်ရဲ့  ကလေးဘ၀ကို လွမ်းမိတယ်။
လူတွေဟာ အပြင်လောက ကိုသိလာလေလေ ကိုယ့်ကိုကိုယ် ပိုပြီးနားလည် ချင်လာလေ ဖြစ်တတ် တယ်ထင်ပါရဲ့။ ကိုယ်တွေ့ ကတော့ ကိုယ်ဟာနိုင်ငံ အပြင်ကိုရောက်လာမှ ကိုယ့်နိုင်ငံ အကြောင်းကို ပိုသိချင်လာတယ်။ စင်္ကာပူကို ရောက်ခါစ နှစ်တွေမှာတော့ ရှင်သန်ရေးအတွက် အားထုတ်နေရလို့ ဘာကိုမှ မတွေးနိုင်ဘူး။ နောက်ပိုင်းနေသားကျလာပြီး အသက်ရှူနည်းနည်း ချောင်လာတော့ စာတွေပြန်ဖတ်ဖို့ အချိန်ရလာတယ်။ ရုပ်ရှင်တွေ ပြန်ကြည့်လို့ရလာတယ်။ တွေးတော ဖို့ အချိန်လေး နည်းနည်း ရလာတယ်။ လူမျိုးခြားများရဲ့  ယဉ်ကျေးမှု၊ နေထိုင်မှုတွေ ပိုသိလာလေ ကိုယ်ဘာကောင်လဲ ဆိုတာကို ပိုသိချင် လာလေပါပဲ။ ကိုယ့်ရဲ့  ဇာစ်မြစ်ကို ပြန်လည် ရှာဖွေလိုစိတ်၊ ပြန်လည်ခံစားလိုစိတ်တွေ ပိုများလာတာလည်း သတိထားမိပါရဲ့ ။
အခု တတိယပါတ် စနေနေ့မှာ အတက်အဆင်း သိပ်မများတဲ့ Bukit Panjang-Mac Ritchie-Bukit Timah track အတိုင်း လျှောက်ကြပါတယ်။ အစကနေ အဆုံးအထိ (၂၀) ကီလိုမီတာကျော် ရှိပြီး (၆)နာရီလောက် လျှောက်ရပါတယ်။ အစပိုင်းမှာ စကားတပြောပြောနဲ့ လျှောက်ကြပေမယ့် တော်တော်လေး ကြာလာတော့ ကိုယ့်အရှိန်နဲ့ ကိုယ် ကိုယ့်အတွေးနဲ့ ကိုယ် တိတ်တိတ် ဆိတ်ဆိတ် ဆက်လျှောက်ကြပါတယ်။ နေ့စဉ်နေ့တိုင်း မနက်အိပ်ယာနိုးကတည်းက ညအိပ်ယာဝင်တဲ့အထိ နာရီလက်တံ တွေနဲ့ အပြိုင် ပြေးလွှားပြီး ကိုယ့်ကိုကိုယ်တောင် ဘာကောင်မှန်းမသိလောက် အောင်အလုပ်များ ထွေပြားရတဲ့ လောကကြီးကနေ ခဏ လွတ်မြောက်ပြီး သဘာဝလောကနဲ့ ထိတွေ့ခွင့်ရတာက တကယ့်လက်တွေ့ အကျိုးပါ။
လမ်းတောက်လျှောက်မှာ သစ်ပင်တွေက အုံ့ဆိုင်းလို့။ မနက်ခင်းနှင်းလေးပေါက် လေးတွေက မြက်ခင်းစိမ်းတွေပေါ်မှာ တွဲလဲခိုလို့။ လမ်းတစ်နေရာက သစ်ပင်တွေ အုံ့ဆိုင်းနေတဲ့ ရေကန်လေးထဲမှာ ငါးသားပေါက်ကလေးတွေ အုပ်လိုက်သင်းလိုက် ရေကူးနေတာများ ကိုယ်တို့ အဘွားခြံထဲက တစ်နှစ်တစ်ခါ ဖေါ်တဲ့ ငါးကန်လေးတွေနဲ့ တစ်ပုံစံထဲ။ စကားစိမ်းလို့ထင်ရတဲ့ ပန်းပွင့်တွေကို တောင် တွေ့လိုက်သေး။ မြက်ခင်းထဲက ထိကရုန်းတွေ၊ လမ်းဘေးတစ်ဖက် တစ်ချက်က အိုးပုတ်ပန်းတွေ အပြင် ဒူးရင်းပင်၊ ကြက်မောက်ပင် နဲ့ စောင်းလျှားပင်တွေကလည်း ကိုယ့်ကို ကလေးဘ၀ကို အလည်တစ်ခေါက်ပြန်ရောက်စေပါတယ်။
ဘ၀စက်ဝန်းမှာ ကလေးဘ၀ကစ၊ လူကြီးဘ၀ကို ဖြတ်သန်းပြီး အသက်တွေ သိပ်ကြီးလာတဲ့အခါ ကိုယ်တို့မှာ ဘာတွေများ ကျန်ခဲ့လို့လဲ။ တစ်သက်လုံး ဖြတ်သန်းရတာ များလွန်းလို့ ဦးနှောက်ထဲက ဆဲ(လ်)တွေ ပါးလျားလာတဲ့ အခါ အားလုံးကို မမှတ်မိ နိုင်တော့ဘူး မဟုတ်လား။ အသက်သိပ်ကြီးလာပြီး ကိုယ့် ဦးနှောက်ထဲမှာ အားလုံး မသိတော့ တဲ့ အချိန် ကျရင် ဘာတွေကို မှတ်မိချင်သလဲ၊ ဘာတွေကိုယ်နဲ့ အတူ ကျန်နေစေချင်သလဲလို့ မေးမိတယ်။ တကယ်လို့ ရွေးချယ်ခွင့်သာ ရှိခဲ့မယ်ဆိုရင် ကိုယ့်ရဲ့  မွန်ပြည်နယ် တောရွာ ကလေး တစ်ခုက ကလေးဘ၀ကို တော့မမေ့မလျော့ ကျန်နေစေချင်ပါတယ်။
ဘယ်လောက်ပဲမောမော "တော်ပါပြီ ဆက်မလှမ်းချင်ဘု ရပ်တန်းက ရပ်မယ်ကြံ" လို့မဖြစ်သေးတဲ့ ဘ၀မှာ လမ်းဆုံးတဲ့ အထိတော့ ဆက်လျှောက် ရဦးမှာပါ။ အခွင့်အရေးလေးရတဲ့ အခါ သဘာဝလောကကြီးနဲ့ ထိတွေ့ပြီး သဘာဝရဲ့  အလှအပ နဲ့ အားအင်တွေ ရယူနိုင်သလောက် ရယူဖို့ ကြိုးစားရင်း သဘာဝတရားနဲ့ ထိတွေ့ခြင်းဖြင့် အားအင်သစ်နေရပါကြောင်း။
စာကြွင်း။ ဓါတ်ပုံတွေကိုဒီမှာကြည့်လို့ရတယ်နော်။
The paradox of insular language
1 year ago
No comments:
Post a Comment