Tuesday, March 16, 2010

အပြန် အပြန် အပြန်လားဟေ့

အခုတလော သူငယ်ချင်းတွေဆီက PR လျှောက်တာ မကျဘူးတို့ Re-entry permit Extention လုပ်တာ အရင်က သိပ်မခက်ခဲဘဲ (၁၀) နှစ်ရလေ့ရှိတာ အခု (၅) နှစ်ပဲ ရတယ်တို့ဆိုတာတွေ ကြားရတော့ ကိုယ်ရဲ့  ရပ်တည်မှုကို ပြန်သုံးသပ်ဖို့ တော်တော်ကို လိုအပ်နေပြီပဲလို့ ခံစားမိတယ်။ အခုလက်ရှိ ချရေးကြည့် နေတာကတော့ ကိုယ့်အခြေအနေနဲ့ ကိုယ့်ရပ်တည်မှုပါ၊ ဒါပေမယ့် ကိုယ့်လိုပဲ အခြေအနေ အမျိုးမျိုး နဲ့ တစ်ပြည်တစ်ရွာမှာ လာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေကြတဲ့ သူတွေအားလုံးလည်း မိမိ အခြေအနေ အလိုက် နည်းနည်း ဖြစ်ဖြစ်တော့ စဉ်းစားဖို့ လိုလာပြီလို့ ထင်မိတာပဲ။

ကိုယ့်ရဲ့ လက်ရှိအခြေအနေက PR ပါ။ သူများတွေလို မိသားစုတာဝန်တွေ ရှိမနေတော့ ဘာကိုမှ မဆုံးဖြတ်ဘဲ အလိုက်သင့် လေးနေလို့ ရနေတာက ကောင်းတာတွေလဲရှိ၊ မကောင်းတာတွေလဲရှိပေါ့။ ကိုယ့်ရဲ့  အမှီခိုကင်းလိုသော စိတ်အတွက် အရမ်းကောင်းသလောက် အတည်တကျ ဖြစ်ဖို့ ဘယ်မှာ အခြေချမလဲ၊ အလုပ်မလုပ်နိုင်တော့ တဲ့ အချိန်တွေမှာ ဘယ်လို ဆက်ရှင်သန်မလဲ ဆိုတာတွေ တွေးရင်တော့ အစီအစဉ် တကျရှိ မနေဘူး လို့ ခံစားရတယ်။ စင်္ကာပူမှာ တကယ်တော့ ကိုယ်က ဧည့်သည်မဟုတ်လား။ အိမ်ရှင်က လက်မခံ ချင်တော့တဲ့ တစ်နေ့ ပြန်ကြရတော့မယ် ဆိုရင် အထက်မရောက် အောက်မကျ ဖြစ်နေတဲ့ ကိုယ့်ဘ၀ကို ဘယ်လို ဆက်ပြီး ရုန်းကန် ကြမလဲဆိုတာ တွေးဖို့ တကယ်ကို အရေးကြီးပါတယ်။

နှိုင်းယှဉ် ကြည့်မယ်ဆိုရင် ဒီမှာ ရှိနေတဲ့ အချိန်မှာလည်း ကိုယ့်ပြည် ကိုယ့်ရွာမှာတုန်းက အလုပ်လုပ်နေတဲ့ နှစ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေနေချင်း သိပ်မကွာလှပါဘူး။ တနင်္လာ ကနေ သောကြာ အလုပ်သွားမယ်။ စနေ၊ တနင်္ဂနွေ ဆို လူမှုရေးကိစ္စ၊ ရပ်ရေးရွာရေး ကိစ္စ နည်းနည်း ပါးပါး လုပ်မယ်။ သူငယ်ချင်းတွေနဲ့ စကားပြောမယ်။ ကိုယ်စိတ်ဝင်စားတဲ့ စာတွေဖတ်မယ်။ ကိုယ့်ကျန်းမာရေး အတွက် အားကစား လုပ်ဖို့ အချိန်ပိုပေးဖြစ်တာ၊ အစားအသောက် ကို အန္တရာယ် နည်းနိုင်သမျှ နည်းအောင် စားဖြစ်တာတွေက စင်္ကာပူမှာ နေခြင်းရဲ့  ရလာဘ်တွေထဲက တစ်ချို့ ပေါ့။ အလွန်သိသာ ထင်ရှားတဲ့ ၀င်ငွေသိသာစွာ ပိုကောင်းတာ၊ နေရေးစားရေး အစစ အရာရာ လုံခြုံ စိတ်ချရတာတွေကတော့ ပြောနေဖို့တောင် မလိုပါဘူးနော်။

ခက်တာက ဘယ်လောက်ပဲ လူတွေနဲ့ အဆင်ပြေအောင် နေလို့ရနေပေမယ့် တစ်ခုခုက လစ်ဟာနေတာပဲ။ လူက တစ်ပြည်တစ်ရွာမှာ အနေကြာပေမယ့် ကိုယ့် နှလုံးသားက အိမ်မှာကျန်ခဲ့ တယ်ဆိုတာ ကိုယ်အသိဆုံး မဟုတ်လား။ ကိုဝင်းနိုင်လေးရဲ့  ကဗျာထဲကလို
"မဟုတ်ဘူး .. မဟုတ်ဘူး ... စင်္ကာပူကို ပေးဆပ်နေကြတာမဟုတ်ဘူး
သူတို့မှာ ... မက်ဆီဒိုးနီးယား သွေးအပြည့် ပါတယ်...
ကျောက်စာတိုင်တွေလို ခိုင်မြဲတဲ့ သိတ္တိရှိတယ် ...
မကုန်ခမ်းနိုင်တဲ့ အင်အားတွေရှိတယ် ...
သူတို့ယဉ်ကျေးမှု မြင့်မားတယ် ...
အချိန်တန်ရင် သူတို့ အိမ်ပြန်လာမယ် ...
မြရိပ်မှာ ထိုင်မယ် ... " လို့ သေချာမလား ဆိုတာက တော့ ... အင်း .. အချိန်က အဖြေပေး ပါလိမ့်မယ်လို့ ပဲ ပြောနိုင်ပါသေးတယ်။

စင်္ကာပူရဲ့  တစ်ရစ်ထက် တစ်ရစ် ပိုပြီးတင်းကြပ်လာတဲ့ "ကြိုး" တွေ။ သန့်ရှင်းမှု၊ လုံခြုံ စိတ်ချရမှု၊ နေစရာ Pass တစ်ခုနဲ့ အလုပ်လုပ် နိုင်နေသရွေ့  တစ်ဝမ်းတစ်ခါး ရှာစားဖို့ သိပ်မခက်လှတဲ့ အားကောင်းတဲ့ Economy၊ အခုတစ်လော PR များရဲ့ နေစားရိပ်၊ ပညာရေး စားရိပ် တွေမှာ သူ့နိုင်ငံသားများနဲ့ ကွာသထက် ကွာအောင် တစ်ထပ်ပြီး တစ်ထပ် တိုးမြှင့် နေတဲ့ သူ နိုင်ငံသား ခံယူချင်လာအောင် လုပ်နေတဲ့ အား။ ဒါတွေက အရှေ့  အရပ်က PULL တွေ ဆိုပါတော့ ...
ကိုယ့် Passport လေး အသက်ဆက်ချင်တော့ တစ်လတစ်လ ပေးနေရတဲ့ အခွန် ဆိုတဲ့ အား။ အိမ်ပြန်ရင် ကိုယ်ဒီက ရမဲ့ အလုပ် အတွေ့ အကြုံ တွေနဲ့ သက်မွေးဝမ်းကျောင်း ထူထောင် ဖို့  မလွယ်တဲ့ အဖြစ်။ အဲဒါတွေကတော့ အနောက်အရပ် က PUSH ဆိုပါတော့ ...
ဆန့်ကျင်ဘက် အရပ်နှစ်ဖက်က PULL နဲ့ PUSH က ကိုယ်တို့ကို လားရာတစ်ခုတည်း ဆီကို ရောက်အောင် တွန်းပို့ နေကြတဲ့ အခါ ကိုယ့် သူငယ်ချင်း အများစု မြန်မာ Passport လေးကို နှမြောတသစွာနဲ့ သံရုံးကို သွားအပ်လိုက် ကြရတာ မဆန်းပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ဘယ်တော့ ရေစီးကြောင်း ထဲမျောသွား မလဲလို့ အမြဲတွေးနေမိတာကိုး။ ကိုယ်တို့ ဘိုးဘွား တွေလည်း ပိုစိမ်းတဲ့ မြက်ခင်းတွေဆီ သွားခဲ့ကြတာပဲ မဟုတ်လား။ လူတွေအားလုံးသာ နေရာကနေ မရွှေ့  ကြဘူး ဆိုရင် အခုခေတ် ရဲ့  တိုးတက်မှုတွေ ကို ဘယ်မြင်ရပါ့ မလဲနော်။

ထားပါလေ.. ကိုယ်က ဒီမှာ အပြီးနေဖို့ လက်ရှိ ဆုံးဖြတ်မထားသေးဘူး ဆိုတော့ ပြန်တဲ့ အကြောင်းပဲ တွေးကြည့်တာပေါ့။ အိမ်ပြန်ရင် ဘာလုပ်မလဲ ဆိုတာက စရမှာ ပေါ့နော်။ အိမ်ပြန်ရောက် ရင် သူဋ္ဌေး မဖြစ်ဖို့ကတော့ ကွမ်ရင် မယ်တော်ကျောင်းသွားပြီး စာချနေစရာ မလို။ လုံးဝသေချာပြီးသားပါ။ နေ့တစ်ဓူဝ ကျင်လည်ရတဲ့ အလုပ်ထဲက ပညာတွေကို လည်း ပြန်အသုံးချဖို့က မသေချာ။ "ကိုင်း ... ဘာဆက်လုပ်ကြမတုန်း"

နေပါဦးလေ။ နိုင်ငံရပ်ခြားမှာ နှစ်ရှည်လများ အလုပ်လုပ်တယ်ဆိုတာ ပိုက်ဆံ တစ်ခုတည်း အတွက်တဲ့ လား။ မဟုတ်သေးပါဘူး။ အနည်းဆုံး ဘာသာစကား တွေပိုကောင်းအောင် လုပ်လို့ မရတော့ဘူးတဲ့လား။ ကောင်းတယ်၊ စနစ်ကျတယ် ဆိုတဲ့ ပညာရပ်တွေ ထဲက ဘာမှ မရနိုင်တော့ဘူးတဲ့လား။ Account ပညာတွေ၊ Access လို Excel လို အများသုံး Software လောက်နဲ့ လုပ်ငန်းတစ်ခုကို လည်ပါတ် နေတဲ့ ပညာတွေ ကိုယ်တို့ ကူးမယူနိုင်ဘူးလား။ Retail တို့၊ Tourism တို့၊ F&B တို့၊ Hotel တို့ဆိုတဲ့ Service Industry တွေမှာကော ဘာမှ ကူးမယူနိုင်တော့ဘူးလား။ ကိုယ့် အရင်အလုပ်မှာဆို သူဋ္ဌေးညီ ရေးထားတဲ့ Customerized Access လေးနဲ့ ကုမ္ပဏီ တစ်ခုလုံးကို လည်ပါတ်ခဲ့တာ။ ကိုယ့်လို Hygienist လို့ခေါ်တဲ့ အလုပ်ကို လုပ်ကို လုပ်တဲ့သူ၊ Food Safety ဆိုတဲ့ကိစ္စနဲ့ နေ့တစ်ဓူဝ ပါတ်သက် လုပ်ကိုင်ရတဲ့ သူကရော အိမ်ပြန်ရင် စားသောက်ကုန်လုပ်ငန်းလေး တွေ စနစ်တကျနဲ့ အမြတ်အစွန်းလဲရ၊ စားသုံးသူ လည်း ဥပါဒ်မဖြစ်စေအောင် Consult လုပ်မပေးနိုင်ဘူးလား။ လားပေါင်းများစွာထဲက ကိုယ်နဲ့ သက်ဆိုင်သော "လား" လေးတွေ ဆွဲထုတ်တွေး တတ်ကြရတော့မယ်။

အိမ်ပြန်ရင် တစ်ခုခု ပါဖို့ အတွက် အခုထက်ပိုပြီး အင်အား စိုက်ထုတ်ရမယ်ဆိုတာတော့ ပြောနေစရာ တောင်မလိုပါဘူးနော်။ ကိုယ်တို့ အားလုံးသာ ဘာသာ စကား အားကောင်းဖို့၊ အများနဲ့ သင့်တင့် အောင် ပေါင်းသင်းပြီး ကိုယ့်ပါတ်ဝန်းကျင်က ကောင်းတာလေးတွေ ပြန်သယ်ယူဖို့ အမြဲမပြတ် လေ့လာ အားထုတ်နေဖို့ ဆိုတာတွေ ခေါင်းထဲမှာ ထည့်ထားရင် အရှေ့  ကျွန်းက ပြန်ရလည်း ကိုယ်ရော ကိုယ့် ပါတ်ဝန်းကျင်ပါ အကျိုးရှိအောင် လုပ်နေနိုင်ဦးမှာပါဘဲ။

"အပြန် အပြန် အပြန် လားဟေ့" လို့မေးတဲ့သူ ရှိခဲ့ရင် " အသွား အသွား အသွား ပါလို့" ဆိုပြီး "ဒီတစ်ခေါက်တော့ တို့က အရှေ့  အရပ်က ပညာတွေ၊ အတွေ့ အကြုံ တွေနဲ့ ကိုယ်တို့ ပါတ်ဝန်းကျင် သေးသေး လေးအတွက်ပဲ ဖြစ်ဖြစ် လုပ်နိုင်သလောက် ကလေး လုပ်ပေး မယ့် ခရီးကို စသွားတော့မှာ" ရယ်လို့များ ပြောနိုင်ခဲ့ရင် ဘယ်လောက်များ ကြေနပ်စရာကောင်း လိမ့်မလဲ။ စိတ်ပါသူများ ကိုယ်နဲ့ သက်ဆိုင်ရာ "လား" မေးခွန်းလေးတွေ ဆွဲထုတ်တွေး မိကြပါစေ လို့။

2 comments:

naychi said...

ဒီပိုစ့်လေး အရမ်းကြိုက်မိပါတယ်။ အတွေပွါး ဆင်ခြင်ဆုံးဖြတ်လိုက်ပါဦးမယ် အမရေ..

ZT said...

ကျွန်တော့် အမြင်ပြောရရင် အားလုံးကူးဖို့တော့ မသင့်ဘူး။ စလုံးမှာ ဖြစ်ကတတ်ဆန်း လုပ်ထားပြီး အတုမယူသင့်တဲ့ဟာတွေ အများကြီး ရှိတယ်။ ဒါပေမယ့် တစ်ခုခု ပါအောင် ယူသွားသင့်တယ် ဆိုတာကိုတော့ လက်ခံပါတယ်။