Monday, June 13, 2011

ကောင်မလေးရေ

ကောင်မလေးရေ
ငါဟာ နံရံတစ်ချပ်ဆိုတာ ခုဆိုမင်းသိလောက်ပြီပေါ့။

ငါရဲ့  ပထမရက်တွေမှာ
မင်းကောင်းခဲ့တာတွေလည်းရှိ၊ မင်းငါ့ကို မောင်းခဲ့တာတွေလည်း ရှိခဲ့။

ငါဘယ်လောက် ပြိုင်းပြိုင်း မင်းကိုတစ်ချက်မကူခိုင်းခဲ့၊
ငါ့မှာ မာနတွေ အပြည့်ရှိတာ မင်းမှမသိခဲ့ပဲကိုး။

"အလုပ်ဆိုတာ ချိုနဲ့လားကွဲ့ မွေနဂါးတောင် ကြောက်ဖူးကွယ်"
ငါဆိုနေကျ ကဗျာတွေထဲက တစ်ပုဒ် မင်းဘယ်လိုလုပ် သိပါ့မတုန်း။


ကောင်မလေးရေ
ငါဟာ နံရံတစ်ချပ်ဆိုတာ ခုဆိုမင်းသိလောက်ပြီပေါ့။

နံရံကိုဝင်တိုက်တဲ့မင်းခေါင်းကလည်း အပျော့စားထဲက မဟုတ်ပါဘူး။
ဓါတ်ခဲ အမြဲပြည့်နေတဲ့ ဂဏန်းပေါင်းစက် တစ်လုံးပါ။

ဒါပေမယ့် မင်းမေ့သွားတာက အခြေခံ သင်္ချာပညာ။
သုံညနဲ့ တစ်ပေါင်းလို့ နှစ်မရနိုင်ဘူး ဆိုတာကိုပေါ့။

နောက်လှည့်မကြည့်နဲနော် မင်းအပျော်တွေလျှော့ကုန်လိမ့်မယ်။
ရှေ့ တည့်တည့်သာ လှမ်းလိုက်စမ်း မင်းအကြိုက်မြက်ခင်းတွေက စိမ်းလန်းလို့။


ကောင်မလေးရေ
ငါဟာ နံရံတစ်ချပ်ဆိုတာ ခုဆိုမင်းသိလောက်ပြီပေါ့။

မင်းမသိတာက ဒီနံရံရဲ့  နှလုံးသားက အတွေးတွေလေ။
"ငါသူ့ကို အလုပ်တွေ အများကြီးလုပ်ပြီး အနိုင်ကျင့်ခဲ့သလား"
"ငါသူ့ကို ဒီထက်ပို နားလည်ခဲ့ဖို့ မကောင်းဘူးလား"
"ငါသူ့ကို ဇွန်းထဲထည့်ပြီး ခွန့်ကျွေးခဲ့ဖို့ ကောင်းတာ မဟုတ်လား"
"ငါသူ့ကို ညံ့ဖျင်းတဲ့ ခေါင်းဆောင်မှုအောက်က ဆွဲမထုတ်သင့်ခဲ့ဘူးလား"

"ငါသူ့ကို ... "

"ငါသူ့ကို ... "

"ငါသူ့ကို ... "

ကောင်မလေးရေ
မင်းလိုကောင်မလေးမျိုး ငါ့လက်နဲ့ မဖန်တီးမိပါစေနဲ့လို့ အပြန်ပြန်အလှန်လှန် ဆုတောင်းမယ်။

Sunday, May 29, 2011

Did it happen for a reason?

ပိုက်ဆံကို ပိုက်ဆံလို မကိုင်တတ်လို့ စိုက်လျှော်ရတာ ဒါနဲ့ဆို ဘယ်နှစ်ကြိမ်လဲဆိုတာ မသိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အကြိမ်တော်တော် များများမှာ လျှော်လိုက်ရမှန်းတောင် မသိလို့ပါဘဲ။ ဒီတစ်ခါကတော့ သိသိသာသာကြီး ဖြစ်သွားတာဆိုတော့ မသိချင်ယောင်ဆောင်လို့ မရတော့ပါ။

ဒီနေ့ ၀ါသနာတူသူတွေ စုပေါင်းလုပ်ကြတဲ့ ကွန်ဗင်းရှင်း တစ်ခုမှာ စိတ်ပါလက်ပါ တက်တက်ကြွကြွကူလုပ်မိပါတယ်။ ပွဲမှတ်တမ်းတင် DVD တွေအတွက် လက်မှတ်တွေရောင်းကြတော့ ငြိမ်ငြိမ်မနေနိုင်လို့ ၀င်ရောင်းမိတယ်။ အမှာစာရွက်တွေလက်ခံလိုက်၊ လက်ခံဖြတ်ပိုင်း တွေရေးလိုက်၊ ပိုက်ဆံကို ဘေးကတစ်ယောက်ကိုပေးလိုက်နဲ့ ဟုတ်လို့ပဲ။ ကိုယ့်ဘေးကတစ်ယောက်က ခေါင်းဆောင်လုပ်သူကို အမှာစာ သုံးလေးစောင်တစ်ခါ အပ်နေတာလည်း ကိုယ့်မျက်မြင်ပဲ။ ခေါင်းဆောင်လုပ်သူက အလုပ်တွေလက်မလည်အောင် များနေတဲ့ ကြားက အိတ်ထဲ ထိုးထိုးထည့်နေတာလည်း တွေ့တာပဲ။ တစ်ချက်တစ်ချက် လူတွေအုံလာတဲ့ အခါတွေလည်းရှိတာပဲ။ ပွဲပြီးလို့ ခေါင်းဆောင်က ဘဏ္ဏာရေးမှူးကိုအပ်တော့ ကိုယ်လက်မှတ်ထိုးပြီးရောင်းထားတဲ့ လက်မှတ်ဖိုးတွေထဲက (၁၁ရ) ဒေါ်လာလျှော့နေပါသတဲ့။ ကိုယ့်အိတ်ထဲမထည့်တာလဲ သေချာ၊ ကိုယ့်လက်ထဲပျောက်တာလည်း မဟုတ်။ ဒါပေမယ့် ရောင်းထားတဲ့ လက်ခံဖြတ်ပိုင်းပေါ်မှာက ကိုယ့်လက်မှတ်နဲ့၊ ကိုယ်ကိုယ်တိုင်တိတိကျကျ လက်မှတ်ထိုးပြီးငွေကို အပ်မထားတာမို့ ကိုယ့်အိတ်ထဲက စိုက်လျှော်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

(၁၁ရ) ဒေါ်လာနဲ့ဝယ်လို့ရတဲ့ ပစ္စည်းတွေကို စိတ်နဲ့မှန်းကြည့်ပြီးတော့ နှမြောပါတယ်။ (၁၁ရ)ဒေါ်လာနဲ့ လုပ်လို့ရတဲ့လူမှူရေးလုပ်ငန်းလေးတွေ ကိုတွေးကြည့်ပြီးတော့ ပိုလို့တောင်နှမြောပါသေးတယ်။ ကိုယ့်လက်ထဲမှာပျောက်တာမဟုတ်လို့လည်း ပိုခံရခက်ပါတယ်။ ဒါပေမယ့် ကိုယ့်လက်မှတ်နဲ့ရောင်းထားတာတွေအတွက် ကိုယ့်မှာတာဝန်ရှိတယ်။ ကိုယ်ပေါ့ပေါ့လျှော့လျှော့ နဲ့ငွေကို သေသေချာချာမအပ်မိတာကိုလည်း ကိုယ့်အပြစ်လို့ လက်ခံတယ်ဆိုတော့ လျှော်ယုံအပြင်ဘာမှ မရှိပါဘူး။

ဒီနေ့ပဲ Whatever happens, happens for a reason ဆိုတဲ့စကားကိုတော်တော်ဆွေးနွေး ဖြစ်ကြပါတယ်။ "ဖြစ်လာသမျှတွေဟာ အကြောင်းတစ်ခုခုအတွက်" လို့ဘာသာပြန်ရမယ်ထင်ပါ့။ ကိုယ့်အမြင်မှာတော့ ဖြစ်လာတာတွေက သူ့ရှေ့ မှာ ဖြစ်ပျက်ခဲ့သမျှတွေ၊ ကိုယ်တို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့  ရလာဒ်တွေ နဲ့ လက်ရှိအခြေအနေတွေ အားလုံးပေါင်းပြီး ဖြစ်လာကြတာပါ။ ဖြစ်လာတဲ့ကိစ္စတွေကို ဘာမှမလုပ်ပဲ ဒီအတိုင်းထားလိုက်ရင် ဘာမှမကြာလှတဲ့ အချိန်အတွင်းမှာ ကိုယ်တို့အားလုံးမေ့သွားကြမှာပဲ။ ကောင်းသောကိစ္စတွေဖြစ်ခဲ့ရင် နောက်ဒီလို ကောင်းတာတွေထပ်ဖြစ်အောင် လုပ်သင့်သလို၊ ဆိုးတာတွေ မှားတာတွေဆိုရင်လည်း ဘာ့ကြောင့်ဒီကိစ္စဖြစ်ရတာလဲ၊ ဒီလိုထပ်မမှားအောင် ဘာလုပ်ရမလဲ ဆိုတာတွေကို ခြင့်ချိန်နှိုင်းဆပြီး ဒီအမှားကနေ သင်ခန်းစာယူတတ်ရင် တော့ ဘယ်လောက်ဆိုးတဲ့ ဖြစ်ရပ်ပဲဖြစ်ဖြစ် ကိုယ့်အတွက် တစ်ခုခု ကျန်အောင်လုပ်နိုင်ပါလိမ့်မယ်။ ဒါမှလည်း နောင်တစ်ချိန် ဒီအဖြစ်ကို သတိရတိုင်း အဲဒီတုန်းက လျှော်ခဲ့ရတာ ငွေကို ကောင်းကောင်း ကိုင်တတ်စေဖို့ ပဲ၊ "happens for a reason" ပဲလို့ ပြောနိုင်မှာ။

ငွေဟာလူတိုင်းအတွက် အရေးကြီးပါတယ်။ ငွေရှိရင် အလုပ်တွေအများကြီး လုပ်လို့ရပါတယ်။ ဒါပေမယ့် ငွေဟာလူတိုင်းအတွက် နံပါတ်တစ် မဟုတ်ပါဘူး။ ငွေကို အရေးအကြီးဆုံးလို့ မသတ်မှတ်တဲ့သူတွေဟာ ငွေကိုစနစ်တကျ ထိန်းသိမ်းဖို့ သတိထားမိချင်မှ ထားမိကြပါလိမ့်မယ်။ ကိုယ့်ငွေကို စနစ်တကျ စာရင်းမမှတ်တတ်လို့ သူများကို မထိခိုက်ပါဘူး။ သူများငွေကို ကိုယ်ခန့်ခွဲပေးဖို့ ကြုံလာတဲ့ အခါတွေမှာတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ငွေစာရင်းကို တိတိကျကျ ကိုင်တတ်အောင် ကြိုးစားဖို့က တာဝန်တစ်ရပ်ဖြစ်လာပါတယ်။ သူငယ်ချင်းများရဲ့  ငွေကိုခန့်ခွဲပြီး လူမှူရေးလုပ်ငန်းလေးတွေ လုပ်နေတဲ့ကိုယ်ဟာ ၀င်လာတဲ့ငွေကို မှန်းပြီး ဒီထက်နည်းနည်းပိုကုန်မယ့် အလုပ်မျိုးကို လုပ်နေတာ နှစ်နှစ်လောက် ရှိပါပြီ။ " ဒီထက်နည်းနည်းပိုကုန်မယ့် အလုပ်မျိုး" လို့ပြောရတာက နည်းနည်းပိုမယ့် ပမာဏကို ကိုယ့်အလှူလို့ သတ်မှတ်လိုက်တာမို့လို့ပါ။ ကိုယ့်ကိုကိုယ် မညှာတမ်း ၀န်ခံရရင် ကိုယ့်အလှူပမာဏကို တိတိကျကျ သိလေ့မရှိပါဘူး။ ဒါကို အားနည်းချက်တစ်ခုအနေနဲ့ ဒီနေ့ ဖွင့်ဟ၀န်ခံပါတယ်။ ဒီစာစုကို ငွေသည် နံပါတ်တစ်လို့ ယူဆပုံမရတဲ့ သူတွေ၊ သူများအလှူငွေကို ထိန်းသိမ်း သုံးစွဲ ပေးရတဲ့သူတွေနဲ့ မျှဝေဖို့ ရည်ရွယ်ပါတယ်။ ဒီနေ့ဖြစ်ခဲ့တာလေးကို ဒီအဖြစ်ကနေ သင်ခန်းစာယူပြီး ငွေကို စနစ်တကျ ထိန်းသိမ်းတတ်ဖို့၊ နောင်တစ်ချိန်ပြန်သတိရရင် "happens for a rason" လို့ ပြောနိုင်ဖို့ လည်း မျှော်လင့်ပါတယ်။

ဖြစ်တာကတော့ ဖြစ်ပြီးသွားပါပြီ။ "happens for a reason" လို့ ပြောနိုင်မလားဆိုတာ ၂၀၁၂ ခုနှစ် ဒီလို အချိန်မှာ ပြန်ကြည့်ရသေးတာပေါ့။

Sunday, April 24, 2011

နာနတ်သီး

“အဘွား - နာနတ်သီး စားချင်တယ်”
“အဘွား - မနက်က ဒေါ်ကြီး ဈေးက ပြန်လာတော့ နာနတ်သီး ၀ယ်လာတယ် သိလား၊ အကြီးကြီးပဲ။ ကောင်းမှာပဲ သိလား၊ မွှေးနေတာပဲ။”
စကားကြီး စကားကျယ် ပြောတတ်တဲ့၊ လိုချင်တာကို မရမချင်း တတွတ်တွတ် ပြောတတ်တဲ့ လေးနှစ်သမီး ကို ဆက်ပြီး သည်းမခံနိုင်တော့တဲ့ အဘွားဟာ နာနတ်သီးတစ်လုံး ရှာ၊ သေသေချာချာ အခွံခွာ၊ သန့်စင်ပြီး ပန်းကန်ပြား တစ်ချပ်နဲ့ ကျကျနန စားပွဲမှာ ထိုင်ပြီး စားခိုင်းတော့ တာပါပဲ။ ကိုယ်ကလည်း ကိုယ်လိုချင်တာ ရပြီဆိုပြီး အားရ၀မ်းသာစားတာပဲ။ အဘွားက စားပွဲနားက မခွာတာတွေ့တော့ နည်းနည်း တော့ စိုးရိမ်သား။ ဒါပေမယ့် ဂျီကျလို့ ဆူချင်တာလောက်ပဲထင်တာလေ။ ကိုယ်က “တော်ပြီ၊ ၀ပြီ” လို့ပြောတော့ အဘွားက တော်လို့ မရဘူး၊ အကုန်စားရမှာ ဆိုမှ လန့်သွားတော့တာ။ အဘွားကတော့ လုပ်ပြီ၊ စောစောကတော့ မပြောဘူး။ အဘွား မျက်နှာကလည်း အတည်ပေါက်ကြီး။ ရှောင်ထွက်လို့ရဖို့ လမ်းမမြင်ဘူး။ ကြောက်ကြောက်နဲ့ ကုန်အောင်စားရပါတယ်။

ခပ်လတ်လတ် နာနတ်သီးတစ်လုံး ကို ကုန်အောင်စားပြီးတဲ့ အခါမှာတော့ လျှာယားလွန်းလို့ ဒုက္ခတွေ့ တော့တာပဲ။ ငိုချင်ပေမယ့် အဘွားကို ကြောက်လို့ မငိုရဲဘူး။ တံခါးပေါက် တစ်ခုမှာ ထိုင်ပြီး ကိုယ်အကြိုက်ဆုံး ပုခုံးနှစ်ဘက်ပေါ်မှာ ကြိုးချည်ရတဲ့ အင်္ကျီလေးကို မ မပြီး အင်္ကျီအစလေးကို ကိုက်နေ ရတဲ့ လေးနှစ်သမီး ကို ခုထိမြင်ယောင်သေးတယ်။ အစားငန်းတဲ့ ကိုယ်ဟာ အစားကျူးလို့ ခဏခဏ ဒုက္ခရောက်လည်း မမှတ်ပါဘူး။ အခုလည်း နာနတ်သီးကို အကုန်စားခိုင်းတာ အဘွားက အစား သောင်းကျန်းရင် ခုလို ဒုက္ခရောက်တတ် တယ်လို့ သိစေချင်တာထင်ပါရဲ့ ။ အဘွားရယ် အဘွားမြေးက အစားကျူးလို့ ဒုက္ခရောက်လည်း ငိုတုန်းခဏပဲ ဒုက္ခကိုသိတာပါ။ နောက်တစ်ခါ စားချင်တာကိုတွေ့ရင် ကြုံဖူးသမျှ ဒုက္ခ အကုန်မေ့ပြီး စားချင်တာကို မရရအောင် ပူဆာပြန်တာပါပဲ။ အခုတော့ ကိုယ်ကိုဆုံးမတဲ့ အဘွားက ကိုယ်တို့နဲ့ အတူမရှိတော့ ပါဘူး။ ကိုယ့်ကို စိတ်မချခြင်းများစွာနဲ့ ကောင်းကင်ပေါ်ကနေ ငုံ့ကြည့်နေမယ် ထင်တာပဲ။

အသက်ကြီးလာတော့ အစား သိပ်မမက်တော့ဘူး အဘွားရေ။ အခုမက်နေတာက မြင်မြင်သမျှ ကောင်းတယ်ထင်တာတွေကို အကုန်လုံး လက်တွေ့ လုပ်ကြည့်ချင်နေတာပဲ။ များလိုက်တဲ့ မက်မောစရာလုပ်ငန်းတွေ။ စင်ပေါ်တက်ပြီး စကားကို ကျကျနန ပြောတတ်ချင်လို့ ပြိုင်ပွဲတွေဝင်၊ တစ်ဆင့် ကနေ နှစ်ဆင့်တက်သွားတော့ ကြေနပ်လိုက်တာ။ တတိယဆင့်မှာ ၀က်ဝက်ကွဲ ဘာဆုမှ မချိတ်ဘဲ ပြန်ရတော့ ၀မ်းနည်းလွန်းလို့ အိပ်လို့တောင် မပျော်ဘူး။ ငိုချင်ပေမယ့် ဘယ်သူမှ ခိုင်းတာမဟုတ်ဘဲ၊ မဖြစ်မနေ လုပ်ဖို့လိုတာလည်း မဟုတ်ဘဲ ကိုယ့်ဘာသာ လုပ်ထား တာဆိုတော့ ငိုလို့ မဖြစ်ဘူး။ လောကမှာ နာနတ်သီးတွေကလည်း များလိုက်တာ။ သူများ မာရသွန် ပြေးရင်လည်း ပြေးချင်လိုက်တာပဲ။ သူများ လူမှူရေး လုပ်တာမြင်တော့လည်း လုပ်ချင်လိုက်တာပဲ။ ရုံးကတက်ခိုင်းတဲ့ သင်တန်းတွေမှာ သင်တန်းဆရာ တွေ သင်တာကို သဘောကျတော့လည်း သူတို့လို လိုက်သင်ချင်လိုက်တာပဲ။ အဘွားမြေး ခုချိန်ထိ ငိုချင်စိတ်ကို အင်္ကျီကိုက်ပြီး ထိန်းနေရတုန်း။ ကိုယ်လက်နဲ့ ကိုယ် ခွဲစားတဲ့ နာနတ်သီးက လျှာပိုယားတယ် အဘွားရေ။

Wednesday, March 2, 2011

မွေးနေ့ တဲ့လား

မွေးနေ့တဲ့လား။ နောက်တစ်နှစ် ကုန်သွားပြန်ပြီပေါ့။ မွေးနေ့တွေ တစ်ခုပြီးတစ်ခု ဖြတ်သန်းရင်း အသက်ကို မေ့တတ်ခဲ့ပြီ။ ဒီနှစ်မွေးနေ့မှာတော့ ထူးထူးခြားခြား ကိုယ်ဖြတ်သန်းခဲ့ ဘူးတဲ့ မွေးနေ့တွေကို ပြန်သတိရနေမိတယ်။ ကိုယ်သတိရနေတာက ကိုယ်မရှိတဲ့ အချိန်မှာ ကိုယ့်အတွက် ကျင်းပပေးတဲ့ ကိုယ့်မွေးနေ့တွေ နဲ့ ကိုယ်က သူများကို တိတ်ဆိတ်စွာ တစ်ဦးတည်း ကျင်းပပေးခဲ့တဲ့ သူတို့မွေးနေ့တွေပါ။ စိတ်ဝင်စားစရာ ကောင်းတာကတော့ မွေးနေ့ရှင် မရှိတဲ့ မွေးနေ့တွေဟာ မွေးနေ့ရှင်နဲ့ အတူ ကျင်းပတဲ့ မွေးနေ့တွေထက် ပိုပြီး အမှတ်တရဖြစ်နေစေတာပါပဲ။

ရန်ကုန်မှာ တစ်ယောက်ထဲ ကျောင်းတက်ရတဲ့ ရက်တွေမှာရော၊ မိသားစုနဲ့ အတူနေပြီး စားဝတ်နေရေးအတွက် ရုန်းကန် လှူပ်ရှားရတဲ့ နေ့တွေမှာပါ ကိုယ်စွဲစွဲမြဲမြဲ လုပ်ဖြစ်တဲ့ အလုပ်တစ်ခုရှိတယ်။ အဲဒါကတော့ ရွှေတိဂုံဘုရားကို ရောက်တိုင်း ကိုယ့်အမေရဲ့ မွေးနေ့ကို ရည်စူးပြီး ဗုဒ္ဓဟူး ဒေါင့်မှာ ပန်း၊ ရေချမ်း ကပ်ဖြစ်တာပါ။ ကိုယ်က ဘုရားကို မှန်မှန်သွားဖူးလေ့ မရှိသူဆိုတော့ ကိုယ်အမေမွေးနေ့က အပါတ်စဉ်တို့ လစဉ်တို့ တော့ မကျင်းပဖြစ်ဘူး။ ဒါပေမယ့် သေချာတာက ဘုရားကို တစ်နှစ် ဆယ်ကြိမ်ထက်မနည်း တော့ရောက်တာပဲ။ အမေမပါတဲ့ အမေ့မွေးနေ့ကို လစဉ်နီးပါး ကျင်းပပေးဖြစ်ခဲ့တယ်။ ကိုယ့်စိတ်ထဲကို ပြန်ဝင်ကြည့်လိုက်တော့ "အမေက ငါ့အတွက် ပင်ပန်းရရှာတယ်။ ဘုရားတစ်ခေါက်လာတိုင်း ရေလှူ၊ ပန်းလှူတဲ့ ကုသိုလ်ကို အမေရပါစေ" ဆိုတဲ့ အတွေးကို ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဒါနဲ့ပဲ ရွှေတိဂုံဘုရား ရောက်တိုင်း ကိုယ့်နေ့ နံ မဟုတ်တဲ့ ဗုဒ္ဓဟူးဒေါင့်ကိုပဲ အလိုလို ခြေလှမ်းမိတတ်ခဲ့တော့တယ်။ ရေတစ်ခွက်ချင်းခပ်ပြီး မြတ်စွာဘုရားကို ကပ်လှူလိုက်တိုင်း အမေ့စိတ်နှလုံး သည်လည်း ဤရေချမ်းကဲ့သို့ ကြည်လင်အေးမြရပါစေသားလို့ ဆုပန်ရင်း ကိုယ်ကိုယ်တိုင်လည်း ရုပ်ထုပေါ်မှာ စီးကျနေတဲ့ ရေကြည်ရေအေးလို အကြည်ဓါတ်၊ အအေးဓါတ်တွေနဲ့ ထုံမွှမ်းတဲ့ ရသကို အသွေးထဲ အသားထဲ စိမ့်အောင် ခံစားရတယ်။ ပန်းကပ်လှူနေရင်းလည်း အမေသည် ဤပန်း များကဲ့သို့ လန်းဆန်း တင့်တယ်ပါစေသားလို့ ဆုတောင်းပြီး ကိုယ်တိုင်ပါ လတ်ဆတ်လန်းဆန်းမှူကို ခံစားရတတ်တာကို စိတ်ထဲမှာ အခုချက်ချင်း တောင် ပြန်ခေါ် ခံစားလို့ ရတယ်။ ဘုရားပေါ်က ပြန်ဆင်းလာတဲ့ အခါကျတော့ အမေ့ရဲ့  ပင်ပန်းမှုတွေကို ကိုယ်နည်းနည်းလေး ခွဲဝေ ယူလိုက်ရသည့် အလား စိတ်ကြေနပ်မှု တွေတဖွားဖွားနဲ့ပေါ့။

တစ်ထောင့်ကိုးရာ ကိုးဆယ်ပြည့်နှစ်များထဲက တစ်ခုမှာတော့ ခင်မင် ချစ်ခင်ရသူ သူငယ်ချင်းတစ်ယောက် အတွက် ဆောင်းမနက်ခင်း နှင်းမကွဲခင် ရွှေတိဂုံဘုရားကို စွတ်စိုလန်းဆန်းတဲ့ ပန်းတွေ ပွေ့လို့ ရောက်သွားခဲ့ဘူးတယ်။ တိတ်တိတ်ဆိတ်ဆိတ် ကိုယ်တစ်ယောက်တည်း ကျင်းပတဲ့ သူ့ရဲ့  မွေးနေ့မှာ စိတ်ကြည်လင် ချမ်းမြရတဲ့ အရသာကို အခုထိ သတိရနေတုန်းပဲ။ ဘ၀ချင်းခြားခဲ့ ပြီးတာတောင်မှ ကိုယ့်ဘ၀ရဲ့  ခက်ခက်ခဲခဲ ကျော်ဖြတ်ရတဲ့ အစိတ်အပိုင်း တစ်ခုမှာ ထိထိရောက်ရောက် ကူညီပေးခဲ့တဲ့ သူငယ်ချင်းကို တစ်ခါတစ်လေ ပြန်တွေ့ ချင်နေမိတတ်တယ်။

နှစ်ထောင်ပြည့်နှစ်လွန် ကာလများမှာတော့ ကိုယ်က ရွှေတိဂုံဘုရားနဲ့ အဝေးကြီးမှာ ရောက်နေခဲ့ပြီ။ ကိုယ်အိမ်နဲ့ ဝေးနေတဲ့ နှစ်တွေကျမှ ကိုယ့်အမေက ဦးဆောင်ပြီး ကိုယ့်မွေးနေ့တွေကို နှစ်စဉ်မပြတ် ကျင်းပတော့တယ်။ ပြီးရင်သူက တရားရုံးမှာ လျှောက်လွှဲချက် ရေးသလို ကိုယ့်မွေးနေ့မှာ ဘယ်ဆွမ်းကို ဘယ်လို ကပ်တာတို့ ဘယ်အလှူအတန်းကို ဘယ်လိုလုပ်ဖြစ်တာတို့ အသေးစိတ်ကိုယ့်ဆီ စာရေးတော့တာပဲ။ ကိုယ့်ကို ကောင်းမှူကို လည်းသာဓု ခေါ်စေချင် ကိုယ့်အတွက် ဒီလိုလုပ်ပေးရတာ သူတို့မပင်ပန်းပါဘူးလို့လည်း ပေါ်လွင်ချင်နဲ့ အမေ့စာတွေဟာ အမေကိုယ်တိုင် စကားပြောသလိုပဲ စိတ်ဇောတွေ ကြီးလွန်းလှတယ်။ ကိုယ့်မိသားစုရဲ့  စိတ်မှာ ကိုယ်အရင် တစ်ခါရှိခဲ့ဘူးသလို ကိုယ့်အတွက် စေတနာ၊ မေတ္တာတွေ ထုံမွှမ်းနေမယ်ဆိုတာလည်း သူတို့ မပြောဘဲ ကိုယ်ခံစား နိုင်ပါတယ်။

မွေးနေ့တဲ့လား။ ကိုယ့်အမေကတော့ မနေ့ လောက်ကတည်းက ဆွမ်းကပ်ဖို့ အလုပ်များနေမယ်ထင်ရဲ့ ။ ကိုယ်ကတော့ အိမ်မှာမိသားစု ကျင်းပတဲ့ ကိုယ်မပါတဲ့ ကိုယ့်မွေးနေ့ကို စိတ်ကူးလေးနဲ့ လှမ်းဆင်နွှဲရင်းနဲ့ပဲ ...