RIT/YIT ကျောင်းသား ဟောင်းများရဲ့ ဆရာကန်တော့ပွဲမှာ ဆရာကြီး ဆရာမကြီးတွေ ဆီကနေ အမှာစကား ကြားရတာ ပီတိဖြစ်ရသလို အတွေးတွေလည်း အများကြီး ဝေရပါတယ်။ ပထမဆုံး အတွေးကတော့ ဆရာ ဦးခင်အောင်ကြည်၊ ဦးကျော်ထွန်း နဲ့ ဒေါက်တာသိန်းအောင် တို့ရဲ့  သြ၀ါဒတွေ နာကြားအပြီးမှာ တွေးမိတာပါ။ လူတွေဟာ အသက်ကြီးလာတဲ့အခါ သိပ်အစွဲအလန်းကြီး မဟုတ်ခဲ့တဲ့ ဘ၀အတွေ့  အကြုံတွေက မှေးမှိန်သွားပြီး စိတ်ထဲ မှာ နက်နက်ရှိုင်းရှိုင်းရှိတဲ့ ဘ၀အစိတ်အပိုင်းတွေပဲ မှတ်ဥာဏ်ထဲမှာ ကျန်ခဲ့ပါသတဲ့။ အသက်ကြီးလာလေလေ မွေးရပ်မြေကို လွမ်းလေလေ လည်းဖြစ်ပါသတဲ့။ ပညာ၊ ဥစ္စာ၊ အောင်မြင်မှု ဆိုတာတွေနဲ့ ဘ၀ရဲ့  အထွတ်အထိပ်ကိုလည်းရောက်ခဲ့ဘူး၊ နိုင်ငံတကာ အဆင့်အတန်းမီ ကိုယ်စွမ်းရှိသမျှ စိတ်သွားတိုင်း ကိုယ်ပါ လုပ်ချင်ဖြစ်ချင်သမျှတွေ လုပ်ခဲ့၊ ဖြစ်ခဲ့ရတဲ့ ဘ၀ကိုလည်း ပိုင်ဆိုင်ခဲ့ဘူးတဲ့ ဆရာကြီးများ တောင် စွမ်ဆောင်နိုင်တဲ့ လူလတ်ပိုင်းအရွယ်မှာ ကျင်လည်ခဲ့တဲ့ ပါတ်ဝန်းကျင်ကို စွဲစွဲလမ်းလမ်း မဖြစ်ဘူးဆိုတော့ ကိုယ်လိုလူမှာတော့ စကားလုံး ကြီးကြီး နဲ့ ပြောစရာမရှိတဲ့ "career life" ကို မေ့သွားဖို့ ရာခိုင်နှုန်း အတော်များ ပါလားလို့ တွေးမိတယ်။ ဆရာကြီးတစ်ယောက် ကတော့ မြန်မာပြည်ကို လွမ်းလို့ မယ်ဆိုင်ကို သွားသွားပြီး အလွမ်းဖြေရပါ တယ်တဲ့။ ဒီဆရာကြီးတွေရဲ့  စကားတွေဆီကနေပဲ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဘ၀ ကိုရောက်လာမဲ့ အချိန်အတွက် ကြိုတင်ပြင်ဆင်မှု တွေလိုအပ်တယ်လို့ လည်း တွေးမိတယ်။ ကိုယ့်တစ်သက်စာ ပင်ပင်ပန်းပန်း စုဆောင်းခဲ့တဲ့ အသိ၊ အတွေ့အကြုံတွေကို ရောက်လေရာ အရပ်ကနေ ဝေမျှနိုင်ရင်ကောင်းမယ်လို့ လည်းတွေးတာပဲ။ ကိုယ်နိင်သလောက် ကလေး လူ့လောကကို အကြိုးပြုနေသရွေ့  အထီးကျန်မဆန်ဘူး၊ ကိုယ့်ကိုကိုယ် လူ့လောက အတွက် အဘိုးတန် အသုံးဝင် တဲ့သူရယ် လို့ တွေးပြီးကျေနပ်နိုင်မယ်။ ဒါနဲ့ပဲ နောက် ဆယ်စုနှစ် တစ်ခု နှစ်ခု ဆိုရင် ... ဆိုပြီး တွေးကြည့်မိတယ်။
ဆရာမကြီး ဒေါ်သောင်းခင်က ဆရာကန်တော့ပွဲကို လာရတာ ၀မ်းသာပီတိ ဖြစ်ရသလို Brain Drain ဖြစ်နေတဲ့ ပမာဏကြီးကို ကြည့်ပြီး တိုင်းပြည်အတွက် ၀မ်းနည်းရပါတယ်တဲ့။ ပြောလောက်ပါတယ်လေ။ RIT/YIT/PIT ဘယ်လိုပဲခေါ်ခေါ် ကျောင်းပြီးရင် တော့ နိုင်ငံပြင်ပ ကိုထွက်ဖို့ ကြိုးစားကြရတာချည့်ပဲ။ ဘယ်နေရာမှာပဲ ကျောင်းကိုသွားဖွင့်ဖွင့် အချိန်တန်တော့ စင်္ကာပူမှာ လာဆုံကြဖို့ ရာခိုင်နှုန်း က မြန်မာ ပြည်က မြို့  တစ်မြို့  တည်းမှာ အတူတူ ဆုံဖို့ထက်တောင် များသေး။ ဆရာမကြီးကတော့ ကျောင်းသားဟောင်း တစ်ချို့  မွေးရပ်မြေကို ပြန်ပြီး တိုင်းပြည် ဖွံ့ဖြိုးရာ ဖွံ့ဖြိုးကြောင်း ၀င်ကူကြစေချင်တယ်။ ဟုတ်တာပေါ့ ဆရာမကြီးရယ် ကျနော်တို့ လည်း ကိုယ့်ရပ် ကိုယ့်ရွာ ပြန်ချင်တာပေါ့။ ဒါပေမယ့် အိမ်ပြန်ရောက် တော့ ဘာအလုပ်ကို လုပ်ကြရမှာတုန်း။ ဆရာမကြီးလည်း ဒီမေးခွန်းကို ဖြေနိုင်မယ် မထင်ပါနော်။
အိမ်ပြန်ရောက် ရင် Make More or Desire Less ဆိုတဲ့ အပိုင်းနှစ်ပိုင်း ထဲက Desire Less ဆိုတဲ့ ဘက်ကို ယိမ်း ရမယ်ထင်ပါ့။ အသက်အရွယ် ရလာရင် ရုပ်ဝတ္ထု ကို လိုချင်တပ်မက်စိတ် ကတော့ နည်းပါးသွားကောင်းပါရဲ့။ ရုပ်ဝတ္ထုကို မက်မောတာထက် ပိုပြီးကြီးမယ့် ဒုက္ခတွေကို ကြိုပြီးမြင်ယောင် မိတာ။ ရုပ်အတွက် အစာမရှိမှာ မပူပါ။ စိတ်အတွက် အစာမရှိမှာ၊ အတ္တအတွက် အစာ မရှိမှာ တော့ တော်တော် တွေးပူပါတယ်။ Desire less freedom, less efficiency, less convinience, less opportunities, less ... and less ... အပြင်မှာ နှစ်ပေါင်းများစွာ ပျံသန်းဖူးတဲ့ ငှက်ကို လှောင်ချိုင့် ထဲ ပြန်ဝင်ခိုင်းသလို များဖြစ် နေမလားပဲနော်။ ဒီငှက်မိုက် ကတော့ သူရဲကောင်း လုပ်ပြီး လှောင်ချိုင့်ထဲ ပြန်ဝင်ဖို့ တွေးကြည့်လေရဲ့ ။
အို ... ပြန်သွားရင် သူငယ်ချင်းတွေ ဆွေမျိုးမိတ်သင်္ဂဟ တွေနဲ့ သိုက်သိုက်ဝန်းဝန်း နေရမှာပေါ့လို့ ပြောရအောင်ကလည်း ကိုယ့်လမ်း ထဲက ကိုယ့်တို့ မျိုးဆက်တွေရဲ့  ရ၀% ကျော်က ပြည်ပမှာ။ တကယ်ပါ။ ရပ်ကွက်ထဲက လူတွေကိုစုလိုက်ရင် ဒီမှာ HDB တစ်တိုက်စာ လောက် ရှိတယ်။ ကိုယ့် အသိပညာ၊ အလုပ်အတွေ့ အကြုံတွေကို ပြန်ဝေငှမှာ ပေါ့လို့ ပြောဖို့ကလည်း ဘယ်သူက ကိုယ့်ဆီကနာယူ ချင်မှာလည်း ဆိုတာကို တွေးမမြင်နိုင်ဘူး။ Desire less ဆိုတဲ့ထဲကို အိမ်ပြန်ပြီး သူရဲကောင်း လုပ်လိုစိတ်ကို ထိပ်ဆုံးကတင်မှ ရမယ်။
အဲဒီ အချက်အလက်တွေ ပေါင်းပြီး မြင်မိတာကတော့ အိမ်ပြန်တယ် ဆိုတဲ့ အလုပ်က သိပ်နောက်ကျသွား လို့မရဘူး။ ကိုယ်က လည်း ကိုယ့် အသိပညာတွေကို ပေးဝေနိုင်သေးတဲ့ အချိန်၊ တစ်ဦး တစ်ယောက်ကလည်း ကိုယ့်ဆီက နာယူလိုချိန် မျိုးမှာ လုပ်မှ ရမှာ။ မိတ်ဆွေ တစ်ယောက် ပြောတာတော့ သဘောကျတယ်။ Work with passion, purpose and pay cheque တဲ့။ P သုံးလုံးနဲ့ ပြည့်စုံတဲ့ အလုပ်ကို လုပ်ဖို့ နေမညိုခင် ပြန်ရမှာ။ အလုပ်လည်း လုပ်နေရဦးမယ်၊ ၀င်ငွေလည်း ရှိနေရဦးမယ်။ အတ္ဆ အတွက် လုံလောက်တဲ့ အစာကို လည်း ကျွေးနေရဦးမယ်။
သင့်တင့် လျှောက်ပါတ်သော ၀မ်းစာ၊ နှလုံးသား အစာ လောက်ပဲ မျှော်လင့် ပြီး ကာလံဒေသံ နဲ့ သင့်လျှော်အောင် နေထိုင် ရင်းနဲ့ မှ ကိုယ့် အနီးအနားက အမြင်မတော်တာလေး တွေ ကိုဝင်ကူရင်း အေးအေးဆေးဆေး နေမယ်လို့ စိတ်ကူးရင်တော့ အိမ်ဆိုတာ ပြန်ပျော် ကောင်းပါရဲ့  လို့ တွေးမိကြောင်းပါ။
The paradox of insular language
1 year ago
No comments:
Post a Comment