ဆက်ပြီးတွေးမိတာကတော့ ဘယ်အခါတွေမှာ ကိုယ့်ရဲ့  လောက၀တ် စောင့်ထိမ်းနိုင်မှုကို စမ်းသပ်ခံရသလဲ ဆိုတာပါ။ တည့်တည့် ပြောရရင်တော့ လူတစ်စိမ်းကို ဘယ်လို အခါတွေမှာ ကိုယ်ချစ်ခင်သော သူများကဲ့သို့ ယဉ်ယဉ်ကျေးကျေး ကောင်းကောင်း မွန်မွန် ဆက်ဆံနိုင်သလဲ၊ ဘယ်လိုအချိန်တွေမှာတော့ သိပ်ဂရုမစိုက်ဘဲ မသိသလို နေလိုက်သလဲ ပေါ့နော်။
လောက၀တ်စောင့်ထိမ်းဖို့ ဆိုတာက အင်အားတွေ ထပ်ထည့်ရတာ မဟုတ်လား။ ကိုယ်က ရထားပေါ်၊ ကားပေါ်မှာ နေရာလေး ရနေလို့ သက်တောင့်သက်သာလေး ထိုင်နေတုန်း သက်ကြီးရွယ်အို တစ်ယောက်ကိုယ့် ရှေ့မှာ လာရပ်လို့ ရှိရင် ကိုယ့်နေရာလေး ဖယ်ပေးဖို့ ဆိုတာက ကိုယ့်ရဲ့ သက်တောင့် သက်သာ ဖြစ်မှုလေးကို စွန့်လွှတ် လိုက်ရမှာလေ။ အနည်းဆုံး မတ်တတ်ရပ်ရမယ်။ ရထားဖြစ်ဖြစ် ကားဖြစ်ဖြစ် ကြပ်ညပ် နေခဲ့ရင် လူတွေနဲ့ နီးကပ်လွန်းလို့ စိတ်ညစ်တဲ့ ဒါဏ်ကိုလည်း ခံရသေးတာ။ သတိထားမိတာကတော့ ကိုယ်တိုင်က သိပ်ကျန်းမာ မနေတဲ့ အခါ၊ စိတ်ညစ်ညူးနေတဲ့ အခါတွေမှာ သူများအတွက် နေရာဖယ်ပေးဖို့ ခက်ပါတယ်။ အဲဒီတော့ နံပါတ်တစ် - သူများကို ဦးစားပေးဖို့ ကိုယ်တိုင် ကျန်းမာရွှင်လန်းနေဖို့ လိုတယ်လို့ ထင်ပါတယ်။
ကိုယ်က ရုပ်ပိုင်းဆိုင်ရာ အားပြည့်နေသော်လည်း ကိုယ်ဖယ်ပေးလိုက်တဲ့ သူက ကိုယ်ပေးတဲ့ နေရာကို တန်ဖိုးမထား သလို၊ ထိုင်ရမှာ ရွံ သလို ပုံမျိုးလုပ်ရင်လည်း စေတနာ ပျက်တတ် သေးတယ်။ ဒီစာကိုဖတ်ပြီး ပြုံးနေမယ့်သူတွေ ရှိပါတယ်။ စောင်းမရေးပါ။ တည့်တည့်ပဲ ရေးတာပါ။ ကောင်မလေး တစ်ယောက်က ရထားပေါ်မှာ အဒေါ်ကြီး တစ်ယောက်ကို နေရာဖယ်ပေးပါတယ်။ အဖွားကြီးက မထိုင်ခင် ခုံကို လက်နဲ့ ခါတော့ အဲဒီကောင်မလေးက မတန်သလို လုပ်တယ် ဆိုပြီး စိတ်ကွက်ပါတယ်။ နောက်ကိုဘယ်တော့မှ ဖယ်မပေးတော့ဘူးလို့ တွေးပါသတဲ့။ ကိုယ်ကတော့ ရန်ကုန်မှာနေတုန်းက တစ်ချို့သော ကား စပါယ်ယာတွေကို မျက်စေ့နောက်လို့ ခဏခဏ ပြသနာ ရှာပါတယ်။ ကြီးကြီးကျယ်ကျယ် Steven Covey ရဲ့ စကားနဲ့ ပြောရရင်တော့ Response-able မဖြစ်ဘူးပေါ့နော်။ ကိုယ်ပေးချင်တဲ့ Response မျိုးကို ပေးမယ့် အစား သူ့ရဲ့ အပြုအမူ ပေါ်တည်ပြီးတော့ (ကိုယ့်ရဲ့  လောက၀တ် စံ အပြင်ဖက် အရောက်ခံပြီး) တုန့်ပြန်မိတာကိုး။ ဒီတော့နံပါတ် နှစ် - လောက၀တ်စံတွေကို ထိမ်းသိမ်းဖို့ စိတ်ဓါတ် အင်အားကြီးရမယ်။
အခုတစ်လော Temesak Review ကစရှို့လိုက်တဲ့ ရေကစားပွဲတွေ အပေါ်ဝေဖန်တဲ့ ဆောင်းပါး (http://www.temasekreview.com/2010/03/24/pap-mp-grace-fu-organizing-water-festival-is-a-way-of-telling-foreigners-that-we-respect-them/) အပေါ် ဒီနိုင်ငံသားများ က တုန့်ပြန် ကြတဲ့ စကားစစ်ပွဲ (Comment စစ်ပွဲဆိုရင် ပိုမှန်မလားမသိ) ကိုဖတ်ရတော့ နောက်တစ်ချက် ထပ်စဉ်းစားမိတယ်။ Temesak Review ဆိုတာက လက်ရှိ အာဏာရပါတီကို ဆန့်ကျင်တဲ့ သေးသေးကြီးကြီး လက်ရှိ အစိုးရရဲ့ အားနည်းချက်မှန်သမျှကို ဖွင့်ချ တဲ့ အဖွဲ့ ပါ။ လွန်ခဲ့တဲ့ နှစ်လလောက်က အစိုးရက ငွေထောက်ပံ့တဲ့ Community Center တွေက ဘာသာစကား သင်တန်း တွေမှာ နိုင်ငံခြားသားတွေကို လက်ခံသင်ပေးလို့ ပြသနာရှာ ထားသေးတယ်။ အဲဒီလို စကားလုံး တိုက်ပွဲတွေမှာ ဒီနိုင်ငံသား တွေရော၊ နိုင်ငံခြားသားတွေပါ အနှောင့်မလွတ် အသွားမလွတ် ပြောတာမျိုးက စပြီး၊ ရိုင်းရိုင်းစိုင်းစိုင်း ရေးကြတာတွေ အထိ တွေ့ရတတ်ပါတယ်။ ငါတို့ အခွန်ဆောင်ထားတဲ့ ပိုက်ဆံတွေနဲ့ နိုင်ငံခြားသားတွေကို သင်တန်းပေးပြီး ငါတို့ နိုင်ငံသားတွေ အလုပ်မရအောင် လုပ်နေတာတို့၊ (နိုင်ငံခြားသားတွေ ဘက်ကလည်း - မင်းတို့ တွေ အပျင်းကြီးလို့ ငါတို့ကို အလုပ်ပေးရတာ တို့) ဘာ Integration လဲ၊ သူတို့က ငါတို့နဲ့ ပေါင်းတတ်အောင် ကြိုးစားရမှာ ငါတို့က သူတို့ရဲ့  ဓလေ့ထုံးတမ်းတွေ နားလည်နေစရာမလိုဘူးတို့ တွေ ရေးကြတယ်။ တွေးမိတာက လူတွေဟာ သူတို့ကို ဆွပေးရင် ဆွပေးနေတဲ့ သူရဲ့  ရည်ရွယ်ချက်ကို တွေ့အောင် မကြည့်တော့ဘဲ ရိုင်းရိုင်း စိုင်းစိုင်း ပြောကြတော့တာပဲလား။ ကိုယ်ကသူများ ရဲ့  တန်ဆာခံ ဖြစ်သွားတာကို သတိတောင် မထားမိတော့ ဘူးလား ဆိုတာပါ။ ဒီတော့ နံပါတ်သုံး - လောက၀တ်ကို နိုင်နိုင်နင်းနင်း စောင့်စည်းချင်တယ် ဆိုရင် ဘေးဘီ ပါတ်ဝန်းကျင်ကို ကြည့်တတ် ဖြစ်နေတဲ့ အခြေနေကို သုံးသပ်ပြီး စိတ်ဆိုးသင့် မဆိုးသင့် ဝေဖန်ပိုင်းခြား နိုင်တဲ့ ဥာဏ်ပညာလည်း ရှိရဦးမယ်လို့ ထင်ပါတယ်။
တွေးမိတာလေးတွေပါ။ နောက်ထပ်စိန်ခေါ်မှုတွေ အများကြီး ရှိဦးမှာပါ။ ကိုယ်တိုင်ကတော့ လောက၀တ်ကို နိုင်နိုင် နင်းနင်း စောင့်ထိမ်းနိုင်တဲ့ သူ ဖြစ်ချင်ပေမယ့် တစ်ခါတစ်ခါ Response-able မဖြစ်သေးဘူး ဆိုပါတော့။ ကြိုးစားနေ ဆဲပါ။ ကိုယ့်ကို ဘယ်သူက ဘာပြောပြော မိမိစိတ်ကို နိုင်အောင်ထိမ်းနိုင်တဲ့သူ၊ မိမိရဲ့  လူမှုကျင့်ဝတ် တွေကို မပေါက် မကျိုး စောင့်စည်းနိုင်တဲ့ သူမျိုးများ ဖြစ်ဘူးချင် စမ်းပါဘိနော်။
The paradox of insular language
1 year ago
No comments:
Post a Comment