Friday, January 15, 2010

Reality Show များနဲ့ လက်တွေ့ဘဝ

အခုတလော Reality Show တွေတော်တော် ကြည့်ဖြစ်နေတယ်။ အစွဲဆုံးကတော့ So You Think You Can Dance ပါ။ အဲဒီ အစီအစဉ်ရဲ့ နောက်ကကပ်လိုက် တာတွေကတော့ Project Run Way, Shear Genius နဲ့ Top Chef အစီအစဉ်တွေပါ။ ဒီအစီအစဉ်တွေ အားလုံးက စင်ပေါ်မှာ ပြိုင်ပွဲဝင်တဲ့ အချိန်တွေသာမက စင်နောက်မှာ လေ့ကျင့်ရ၊ ပြင်ဆင်ရတာတွေ ကိုပါ ပြတော့ ပြိုင်ပွဲများရဲ့ သဘာဝ တရားသဖြင့် ပြိုင်ကြတာတွေရော ကြုံတုန်းလေး တံတောင်နဲ့ တွက်လိုက်တာတွေပါ တွေ့ရတတ်ပါတယ်။ လူ့သဘာဝကို တော်တော် ထင်ဟပ် စေတာ ပါ။ American Idol ကျတော့ တစ်နိုင်ငံလုံးက မဲတွေရအောင် ကြိုးစားရတာ မလွယ်မှန်းသိသော်လည်း လူ့သဘောသဘာဝ တွေကို သိပ် မမြင်ရလို့ အစွဲကြီး မဟုတ်လှဘူး။

So You Think You Can Dance က အမေရိကန်နိုင်ငံ တစ်လွှားက မြို့ ကြီးတွေမှာ လိုက်ပြီး ပြိုင်ပွဲလုပ်ပါတယ်။ အဲဒီမြို့  ကြီးတွေမှာ အရွေးခံရရင် Las Vegas မှာ ပြိုင်ရတယ်။ လူအုပ်အကြီးကြီး ထဲကနေ ထိပ်ဆုံး မိန်းကလေး ဆယ်ယောက် ယောက်ျားလေး ဆယ်ယောက် အားလုံး အယောက်နှစ်ဆယ်ကို ရွေးဖို့အတွက် ကိုယ်တိုင် ကကွက် ထွင်ပြီး ကပြရတဲ့ အပြင် အကဆရာ (Choreographer) များက သင်ပေးတဲ့ အတိုင်းလည်း ကပြရပါတယ်။ ထိပ်ဆုံး (၂၀) ထဲကို ရောက်ဖို့ ဘယ်လောက် ခက်သလဲဆိုတာ ကြည့်တဲ့ ပရိတ်သတ် သိပါတယ်။

ထိပ်ဆုံး(၂၀) ထဲရောက်တော့ တစ်ကယ့်ဘ၀စတော့တာပဲ။ မိန်းကလေးတစ်ယောက် ယောက်ျားလေးတစ်ယောက် အတွဲလိုက် အကဆရာ များ သင်တဲ့ အတိုင်း Contemporary, Waltz, Jive, Hip Hop, Disco, Broadway အကများအပြင် ရံဖန်ရံခါ Indian တို့ Yugoslavia တို့လို ရိုးရာ အကတွေပါ ကရပါတယ်။ Choreographer များကလည်း အစွမ်းကုန် ပညာထုတ်ပြီး ကြွကြွရွရွ လှလှပပ အကများ သာမက သွေးစုပ်ဖုတ်ကောင်အလယ် ဂြိုလ်သားက ကမ္ဘာပေါ်မှာ နောက်ဆုံး အသက်ရှင်ကျန်ခဲ့ တဲ့ လူသားကို နိုင့်ထက်စီးနင်း လုပ်တာအဆုံး မရိုးရအောင် ဇာတ်လမ်း ထွင်ကြပါတယ်။ သူတို့တွေရဲ့ ကကွက်တစ်ချို့ ဆို Emmy လိုမျိုး ဆုကြီးတွေ အတွက် တစ်ပေး ခံရ လောက်အောင် ကောင်းကြတာပါ။ ကင်ဆာရောဂါသည်လေးနဲ့ သူ့ကောင်လေး နာကျင်ခံစားရတဲ့ အကြောင်း သရုပ်ဖေါ်တဲ့ ကကွက် ကပြတော့ ဒိုင်သုံးယောက်စလုံး မျက်ရည်လည်ရွှဲ ဖြစ်ကြပါတယ်။ အကဆရာရဲ့  ကကွက်က သိပ်မကောင်းလို့ ပြိုင်ပွဲမှာ ထင်ပေါ်လောက် အောင် ပညာပြခွင့် မရလိုက်တာ တွေလည်းရှိရဲ့ ။

So You Think You Can Dance ရဲ့  ပြိုင်ပွဲစင်မြင့်ဟာ အရမ်းစိတ်ဝင်စား ဖို့ကောင်းတာပဲ။ မဲက တစ်ဦးချင်းကို ပေးစေတာပါ။ တစ်ပါတ် တစ်ခါ ပြိုင်ရပြီး မဲအနည်း ဆုံး ရတဲ့ ယောက်ျားလေး တစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် ပြိုင်ပွဲက ထွက်ရပါတယ်။ စင်ပေါ်မှာ ရှိတဲ့သူတွေရော အကဆရာတွေ ပါ ကိုယ့်အလုပ်ကို အကောင်းဆုံး ဖြစ်အောင်လုပ်ပြီးတော့ ကသူများအတွက်က မဲရဖို့ အကဆရာတွေ အတွက်က Emmy Nomination ရဖို့ အပြိုင်အဆိုင် အားထုတ်ကြရပါတယ်။ ဒိုင်တွေက အကပညာ၊ ဖျော်ဖြေမှုပညာတွေ အတွက် ဘာတွေပဲမှတ်ချက် ပေးပေး ပရိတ်သတ်က မဲမပေးရင် ပြိုင်ပွဲကနေ ထွက်ရတာပါပဲ။ တစ်ကယ့်ဘ၀မှာလည်း ဒီလိုပဲမဟုတ်လား။ လူထုအကြီးကြီးက ကိုယ့်ကို ဘယ်လိုမှတ်ချက် ပေးနေမလဲဆိုတာ မြင်ရတာမှမဟုတ်တာ။ ဘ၀မှာ မဲလုံလုံလောက်လောက် ရမှသာ ဆက်ရှင်သန် ကြကြေးဆိုရင် ဘယ်နှစ်ခါလောက် များ သေပြီးပြီလဲမသိ။

အပါတ်စဉ်ပြိုင်ပွဲ အတွက်မဲနှိုက်ပြီး မဲကျတဲ့သူနဲ့ တွဲရတယ်။ မဲကျတဲ့ အကဆရာရဲ့ ဥာဏ်ကွန့်မြူးမှုကို ရုပ်လုံးပေါ်အောင် ကပြရတယ်။ ပြိုင်ပွဲ ၀င်သူတွေက သူတို့ သိထားတတ်ထားပြီးသား အကပညာတွေ တူကြတာမဟုတ်ပါဘူး။ Contemporary သမားနဲ့ Hip Hop သမား တွဲပြီး Disco အကဆရာ သင်ပေးတဲ့အတိုင်း ကချင်လည်းကရတာပဲ။ ကိုယ်က Hip Hop သမား ကိုယ်ကျွမ်းကျင်ရာ Hip Hop ကရတော့ မှာမို့ အစွမ်းကုန် ကျဲလိုက်မယ် ကြံသော်လည်း ကိုယ့်အဖေါ်က Ballerina ဖြစ်နေရင် သူ့ကိုလည်း တွဲခေါ်ရသေးတယ်။ တစ်ကယ့်ဘ၀ မှာလိုဘဲ ကိုယ်သွားချင်တိုင်း ကိုယ်သွားနိုင်သလောက် အစွမ်းကုန် မပြေးနိုင်ဘဲ ဘေးကမိသားစုဝင်တွေ၊ လုပ်ဖေါ်ကိုင်ဖက် တွေကို စောင့်ခေါ်ရ သလိုပါဘဲ။ အကဆိုတာရဲ့  သဘောကိုက နှစ်ယောက်ဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် စင်ပေါ်မှာ အတူတူ ကနေတဲ့ သူအားလုံး ညီမှ ကြည့်လှတာကိုး။ အုပ်စုလိုက်ကရင် အားလုံးထဲမှာ ကိုယ်တစ်ယောက်ထဲ မညီမညာ ဖြစ်မနေအောင် ကရင်း အများထဲမှာ ကိုယ်က ထင်ပေါ် အောင်လည်း ကတတ်ရပြန်သေး တယ်။ နှစ်ယောက်တွဲကရင် ကိုယ့်အဖေါ်ပါအောင်လည်း တွဲခေါ်၊ ကိုယ်လည်း မဲနည်းပြီး ပြုတ်မကျန်ခဲ့အောင် က။ အင်း တော်တော် မလွယ်တာပါ။

အလုပ်ခွင်တစ်ခုကို ၀င်သွားတဲ့အခါလည်း ဒီလိုပဲမဟုတ်လားနော်။ ကိုယ့်အထက်အရာရှိ ဘယ်ဆရာသမားနဲ့ တွေ့ပြီး ဘယ်အက ကရမလဲဆိုတာ မဲနှိုက်လိုက် တာပေါ့။ ကိုယ်သိပ်မကျွမ်းကျင်တဲ့ အက ကဖို့ကြုံလာတဲ့ အခါ ကိုယ့်ထက်တတ် သူကို နမူနာထားပြီး ကလိုက်။ ကိုယ်ပိုင်တဲ့အက ကျတော့ ကိုယ်ကသူ့ကို တွဲခေါ်လိုက်နဲ့။ တစ်ခါတစ်ခါ ဆရာသမားရဲ့  ဆွဲဆောင်မှုမရှိတဲ့ ကကွက်တွေ ကိုလည်း ကရတတ်လေရဲ့ ။ ကိုယ့် မှာရှိတဲ့ Broadway ပညာကို အိပ်ကပ်ထဲ ခေါက်ထည့်ထားပြီး Hip Hop ကရတာက ခပ်များများ။ ဒါကြောင့်လည်း ဘ၀ဇာတ်ခုံရယ်လို့ တင်စားကြတာပေါ့။

Project Run Way နဲ့ Top Chef ကျတော့ တစ်မျိုး။ Project Run Way ဆိုရင် သတင်းစာစက္ကူက၊ ကားပစ္စည်းက၊ ချိုချဉ်စက္ကူက နေ အင်္ကျီဖြစ်အောင် ချုပ်ခိုင်းတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ရတာတွေကို ဖြစ်အောင်လုပ် တတ်ရတယ်။ Top Chef ကတော့ ပါဝါ ကစားပွဲတွေ ပါတတ်တယ်။ ပြိုင်ဘက် တွေကို အုပ်စုခွဲ ပြီး အုပ်စုလိုက် ပြိုင်ခိုင်းတာ တွေပါတယ်။ ခေါင်းဆောင်ရွေး ရတော့မယ် ဆိုတာနဲ့ ပြသနာက စပြီ။ ဈေးဝယ်တာ၊ မီးဖိုထဲမှာ စီစဉ်တာ၊ ချက်တာ၊ ပြင်တာ၊ စားပွဲပေါ်မှာ တည်ခင်းကျွေးမွေးတာ ဘယ်နေရာမဆို တစ်ယောက် နဲ့ တစ်ယောက် ငြိမယ်ဆို ငြိစရာတွေ ချည့်ပဲ။ အချိန်မှီပြီးအောင်လုပ်ရတာ အသေးအဖွဲလေးတွေ မေ့မနေအောင် လုပ်ရတာ အားလုံး အလုပ် ခွင်ထဲကအတိုင်းဘဲ။

Shear Genius ကတော့ ဆံပင်ညှပ်ပြိုင်ပွဲပါ။ အဲဒီမှာတော့ ပထမပွဲမှာ နိုင်တဲ့သူက နောက်ပွဲမှာ ညှပ်ရမယ့် ဆံပင်ပုံစံကို ရွေးချယ် ပေးရတာမျိုး ပါပါတယ်။ ပွဲတစ်ပွဲမှာ ပထမပွဲမှာ နိုင်တဲ့ အမျိုးသမီးက သူ့ရဲ့ ပြိုင်ဘက် သူ့လိုပဲတော်တဲ့ ကောင်လေးကို တော်တော် ခက်ခက်ခဲခဲ Elizabethan (ရှေး အင်္ဂလိပ်ကား တွေမှာ တွေ့ရတဲ့ ပုံစံမျိုး) ရွေးပေးလိုက်ပါတယ်။ ကောင်လေးခမျာ ဘာလုပ်ရမှန်း မသိလို့  အကြိမ်ကြိမ် ဆုတွေတောင်းလိုက်ရတာ။ ကြောက်ကြောက်နဲ့ အာရုံစူးစိုက်မှု ကောင်းသွား လို့လားမသိ အဲဒီ ကောင်လေးက အဲဒီအပါတ် အတွက် နိုင်သွားပါတယ်။ တကယ်တမ်း ထိပ်ကို ဆက်တက်လာတဲ့ အခါကျတော့ သူတို့နှစ်ယောက် ထိပ်ဆုံး သုံးယောက်ထဲကို ၀င်မသွား ပါဘူး။ သူများကျန်နေခဲ့ အောင်တိုက်တဲ့ အမျိုးသမီးလည်း သူပါ ကျန်နေရစ်ပါတယ်။

ပြိုင်ပွဲဝင်တွေကတော့ မဲများများ ရပြီး ရှေ့ကို ဆက်တက်နိုင်ဖို့ ကြိုးစားကြတယ်။ ကိုယ်တို့တွေကတော့ ဆက်လက်ရှင်သန်ဖို့ ကြိုးစား ကြတယ်။ ဘ၀ဆိုတဲ့ Reality Show ထဲမှာ အခုထိတော့ ပါဝင်ကပြခွင့် ရနေတုန်းပဲ။ ပရိသတ်ထုတ်လိုက် လို့မဟုတ်ဘဲ နားချိန်တန်လို့ နားလိုက်တဲ့ အထိရောက် အောင်တော့ ဒီလိုဘဲ ကြိုးစားနေရဦးမှာဘဲ။ ရှင်သန်ခွင့် ဆိုတာကိုက မက်မောစရာ မဟုတ်လားနော်။

2 comments:

juli said...

မစိမ့်ရေးထားတာ စိတ်ဝင်စားဖို့ကောင်းလိုက်တာ..
So You Think You Can Dance ကိုအလုပ်ခွင်နဲ့ နှိုင်းယှဉ်ပြသွားတာ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်သွားတာပဲ..။

said...

အတွေးတွေမျှဝေပေးတဲ့ အတွက်ကျေးဇူး။