Thanks for visiting my blog. This is to share my experiences, new learnings and special moments with friends. Hope you enjoy reading my posts and see you again soon.
Saturday, March 16, 2019
သင်ယူခြင်းရဲ့ မျက်နှာစာများ
သင်တန်းတစ်ခု တက်တဲ့အခါ ငွေတွေ အချိန်တွေကုန်ပြီး ဘာမှမတတ်လိုက်ဘူးဆိုတာမျိုး မဖြစ်ရလေအောင် သင်တန်းမအပ်ခင်ကတည်းက ဒီအချက်လေးချက်ကို သေချာစဉ်းစားပါ။
.
၁။ ဦးတည်ချက် သတ်မှတ်ခြင်း
ဒီဘာသာရပ်ကို ဘာ့အတွက် သင်ယူချင်တာလဲ။ အလုပ်ခွင်မှာ လိုအပ်လို့သင်ယူချင်တာလား၊ ဘဝတိုးတက်မှုအတွက် သင်ဖို့လိုတာတာလား၊ ဝါသနာပါလို့ သင်ချင်တာလား၊ အခြားရည်ရွယ်ချက် မရှိဘဲ သင်ယူခြင်းကို သဘောကျလို့ သင်ယူတာလား။ ပြန်အသုံးချဖို့ သင်ယူတာဆိုရင်တော့ ဦးတည်ချက်ချမှတ်ဖို့က မရှိမဖြစ်လိုအပ်ပါတယ်။ ဥပမာ သင်တန်းတက်တယ်ဆိုရင်လည်း ဒီသင်တန်းပြီးရင် ဘာတွေ တတ်ချင်တာလဲ၊ တတ်ပြီးသားဆိုရင်လည်း ဘယ်လောက် တိုးတက်သွားချင်တာလဲ ဆိုတာကို ချရေးထားသင့်ပါတယ်။ ဒါမှသင်တန်းပြီးတဲ့အခါ ကိုယ်လိုချင်တဲ့ ဦးတည်ချက်ကို တကယ်ရမရ ပြန်ပြီး ဆန်းစစ်နိုင်ပါလိမ့်မယ်။ ၂။ ကိုးကားစရာများ ရွေးချယ်ခြင်း
ပညာရပ်အသစ်တစ်ခုကို ကိုယ်တိုင်သင်ယူဖို့အတွက် အရေးကြီးတာတစ်ခုက မှန်ကန် သင့်တော်တဲ့ ကိုးကားစာအုပ်တွေ၊ အခုခေတ်မှာဆိုရင်တော့ Video တွေ နဲ့ Online Course တွေ အများကြီးထဲက ကိုယ့်အတွက် သင့်တော်တဲ့ အရာတွေကို ရွေးချယ်ဖို့ ဖြစ်ပါတယ်။ ကိုယ်က ဒီပညာရပ်ကို အခုမှစသင်မှာဆိုရင် Introductory levle, basic level တွေကို ရွေးချယ်ပြီး တတ်ပြီးသားပညာရပ်ကို နောက်တစ်ဆင့် ပိုမြင့်ချင်တာဆိုရင် အလယ်အလတ်အဆင့် တွေကို ရွေးချယ်ရမှာဖြစ်ပါတယ်။ သင်တန်းတက်တဲ့အခါ ကိုယ်တိုင်ရွေးချယ်စရာမလိုပေမယ့် သင်တန်းဆရာက ရွေးချယ်ထားတဲ့ စာအုပ်တွေ၊ ကိုးကားပစ္စည်းတွေကို နားလည်အောင် မေးကြည့်သင့်ပါတယ်။
.
၃။ မိမိ၏ သင်ယူမှုစတိုင်ကို နားလည်ခြင်း
လူတစ်ယောက်နဲ့တစ်ယောက် သင်ယူတဲ့စတိုင် မတူကြပါဘူး။ ကိုယ်က အမြင်အာရုံကို အားပြုသင်ယူတဲ့သူလား၊ အသံတွေကိုနားထောင်ပြီး သင်ယူရတာကို အားသန်သလား၊ လှုပ်ရှားမှု ထိတွေ့မှုတွေကနေ သင်ယူရမှ ပိုမှတ်မိတဲ့သူလား ဆိုတာကို နားလည်ဖို့လိုပါတယ်။ ကိုယ့်စတိုင်ကို သတိမထားမိသေးဘူးဆိုရင် ကိုယ်တိုင်သတိထား လေ့လာကြည့်လို့ရသလို အွန်လိုင်းကနေ အခမဲ့ ဖြေကြည့်လို့ရပါတယ်။ ကိုယ့်စတိုင်ကို နားလည်ရင် သင်ယူဖို့အတွက် စာအုပ်တွေများများ ဖတ်ရမလား၊ အသံသွင်းထားတာတွေ နားထောင်ရလား၊ Video တွေကြည့်ရမလား၊ လက်တွေ့လှုပ်ရှားမှုပါတဲ့ သင်တန်းတွေတက်ရမလားဆိုတာကို ထိထိရောက်ရောက် ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
.
၎။ စာတွေ့လက်တွေ့ ပေါင်းစပ်ခြင်း
ဘာသာရပ်တော်တော်များများဟာ သင်ခန်းစာတွေကို လေ့လာယုံနဲ့ တကယ်တတ်မသွားပါဘူး။ လက်တွေ့လေ့ကျင့်မှုရှိမှ အမှန်တကယ်တတ်ပါတယ်။ အခုခေတ်အတွက် အထူးလိုအပ်တဲ့ Soft Skills တွေဆိုရင် စာတွေ့အနေနဲ့ ဘယ်လောက်ပဲ တတ်ပါစေ လက်တွေ့မကျင့်သုံးရင် မြင်သာထင်ရှားတဲ့ တိုးတက်မှုကို မမြင်ရပါဘူး။ ဒါ့ကြောင့် စာတွေ့အပြင် လက်တွေ့လေ့ကျင့် အသုံးချမှုတွေလည်း အများကြီး လိုအပ်ပါတယ်။
.
ကြိုတင်ပြင်ဆင်ခြင်းဖြင့် ပိုမိုထိရောက်စွာ သင်ယူနိုင်ကြပါစေ။
No comments:
Post a Comment