Friday, September 5, 2014

Habit 1: Be Proactive

Steven Covey က ထိရောက်အောင်မြင်သူများရဲ့ အကျင့်ခုနစ်ချက်ကို Be Proactive ဆိုတာနဲ့ စထားတယ်။ Proactive ဆိုတဲ့စကားတစ်လုံးက အတော်တာသွားတယ်။ ခိုင်းတဲ့ထိမစောင့်ဘဲ ကိုယ်လုပ်ရမယ့် အလုပ်တွေကို ကိုယ့်အသိစိတ်နဲ့ ကိုယ်လုပ်တာမျိုး၊ ပြသနာဖြစ်မှ ဖြေရှင်းတာမျိုး မဟုတ်ဘဲ ကြိုတင်ပြင်ဆင်တဲ့ သဘောမျိုးတွေကို ဆိုလိုတာပါ။ Proactive ဆိုတာက အလုပ်နဲ့ ပါတ်သက်မှမဟုတ်ပါဘူး နေ့စဉ်သာမန်ကိစ္စလေးတွေမှာလည်း အရေးပါပါတယ်။ ဥပမာ မိုးလည်းမိထား ကိုယ်လက်လည်း မအီမသာဖြစ်နေလို့ နေမကောင်းဖြစ်တော့မှာပဲ ဆိုပြီး ဆေးသောက်ထားလိုက်တာ နောက်နေ့မှာ မဖျားတော့ပဲ သာမန်အတိုင်း ကျန်းကျန်းမာမာ နေနိုင်တာမျိုး ကနေစလို့ စက်ပစ္စည်းတွေကို ကြံ့ခိုင်ရေးမှန်မှန်လုပ်လို့ ကြာကြာပိုခံတာ၊ လမ်းတံတားလိုအခြေခံ အဆောက်အဦးတွေကို အချိန်မှန်မှန် သေသေချာချာ စစ်ဆေးပြုပြင်လို့ ခရီးသွားလာသူများ အန္တရယ်ကင်း တာတွေအထိ အကုန်ပါပါတယ်။ ဒါတွေကို ပြောင်းပြန်ဘက်ကနေကြည့်ရင် ဘုရင့်ယောက်ဖ ခွေးကြည့်ခိုင်းသလို ဆိုတဲ့စကားအတိုင်း တစ်ခါမေးတစ်ခါပြေးကြည့်ဆိုတာမျိုး၊ ဒီတစ်ပုဒ်တော့ ပါမှာပဲလို့ ထင်နေရဲ့နဲ့ သေသေချာချာ မကြည့်ဖြစ်လို့ မေးခွန်းထဲမှာ ပါလာတော့ မဖြေနိုင်တာမျိုး (ဒါကတော့ ကိုယ်တိုင်ခဏခဏ ကြုံဘူးတယ်)၊ မစားဖြစ်ရင်ကောင်းတယ်လို့ သိရဲ့နဲ့ စိတ်မထိန်းနိုင်လို့ အရသာပြင်းထန်တဲ့ အစားအသောက်တွေ များများစားပြီး သွေးတိုးရတာမျိုး စသည်ဖြင့်ပေါ့လေ။ တကယ်က အောင်မြင်ချမ်းသာစေတဲ့ အလေ့အကျင့် ဆိုတာတွေက အကြီးကြီးတွေမဟုတ်ဘူး နေ့စဉ်လုပ်နေကျ ကိစ္စသေးသေးလေးတွေကို မှန်မှန်စနစ်တကျ လုပ်သွားတာပဲ ဆိုတဲ့ အခြေခံသဘောကို သိဖို့လိုပါတယ်။

Thursday, August 14, 2014

A Touch of Leadership

ဒီနေ့ကိုယ့်အလုပ်ခွင်က မန်နေးဂျင်းဒါရိုက်တာ မိုက်ကယ် ရဲ့ စင်ကာပူအလုပ်ခွင် မှာနောက်ဆုံးနေ့။ သူက မကြာခင် ဒီကုမ္ပဏီအောက်က ဆွစ်ဇာလန်အလုပ်ခွင်ကို သွားတော့မှာ။ ဖြစ်ချင်တော့ အလုပ်ခွင်မှာ တော်တော်ကို အရေးကြီးတဲ့ စစ်ဆေးရေးတစ်ခုဝင်ခါနီး။ ဒီအတိုင်းအတာအထိ အရေးကြီးတဲ့ စစ်ဆေးရေးမျိုးတစ်ခါမှ မ၀င်ဘူးတော့ ဌာနမှူးတွေကမှအစ အားလုံး ပူပန်နေကြတယ်။ ကိုယ်တိုင်လည်း အချိန်တွေအများကြီးပေးပြီး အလုပ်တွေအများကြီးလည်းလုပ်ရတယ်။ ချောချောမွေ့မွေ့မှ ဖြစ်ပါ့မလားလို့ စိတ်လည်းပူရတယ်။

ဒီနေ့မနက် မိုက်ကယ်က အစည်းအဝေးတစ်ခုခေါ်တယ်။ ပထမဆုံး ဒီစစ်ဆေးရေးဟာ ဘယ်လောက်ထိ အရေးပါတယ်ဆိုတာကို ပြောတယ်။ ဒီထိကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒီနောက်မှာဆက်ပြောလိုက်တာတွေက သူ့ရဲ့ခေါင်းဆောင်မှု အရည်အချင်းကို ထင်ထင်ရှားရှား ပေါ်လွင်စေခဲ့တယ်။ သူက ဒီအရေးကြီးတဲ့ စစ်ဆေးရေးအပေါ်မှာ ကိုယ်တို့အားလုံးထားသင့်တဲ့ စိတ်ခံယူချက်ကို စပြောတယ်။ အရင်ကလည်း သူတစ်ခါတစ်လေ ပြောတာကြားဖူးပေမယ့် ဒီလောက်အထိ စိတ်ထဲကို စွဲမသွားဘူးဘူး။ ဒီတစ်ခါကျတော့ ကိုယ့်မှာတာဝန်တွေ စိတ်ဖိစီးမှုတွေရှိနေတာတစ်ကြောင်း၊ မနက်ဖြန်ရုံးလာစရာမလိုတော့တဲ့ ဆရာသမားက လေးလေးနက်နက်နဲ့ ကိုယ်တို့ကို ဒီလောက်အထိ ပြင်ဆင်ပေးလိမ့်မယ်လို့ ထင်မထားတာကတစ်ကြောင်း နဲ့ တော်တော်ကိုမှတ်မှတ်သားသားဖြစ်သွားတယ်။ ပြီးတော့ သူကိုယ်တိုင်ရိုက်ထားတဲ့ ကိုယ်တို့အားလုံး ပြင်ဆင်ရမယ့် အလုပ်စာရင်းကို တစ်ခုချင်းရှင်းပြတယ်။ ဘယ်နေရာမျိုးဆိုရင် ဘယ်လောက်အထိ ပြင်ဆင်ဖို့၊ ဘာတွေကို ကြိုတွေးထားဖို့၊ ဘယ်လိုအခြေအနေကိုမျှော်လင့်ထားဖို့ တော်တော် ကို ထောင့်စုံအောင် ပြော သွားတယ်။ နောက်ဆုံးမှာတော့ အရေးအကြီးဆုံးက ကိုယ့်အလုပ်ကို ပိုင်ပိုင်နိုင်နိုင်လုပ်ဖို့၊ ကိုယ်လုပ်နေတဲ့အလုပ်တွေရဲ့ နောက်က အကြောင်းရင်းခံကို နားလည်ဖို့အရေးကြီးတယ် ဆိုတာနဲ့ အဆုံးသတ်သွားတယ်။

သူပြောသွားတာက ညနေကျရင် အားလုံးကို လိုက်နုတ်ဆက်ပြီး မနက်ဖြန်ဒီအလုပ်ကို မလာတော့မယ့် သူနဲ့မတူပဲ သူကိုယ်တိုင် အဲဒီစစ်ဆေးရေးကို ကိုယ်တို့နဲ့အတူရှိနေမယ့်အတိုင်းပဲ။ သူပြောတာတွေသေသေချာချာ လိုက်မှတ်ရင်း ခေါင်းဆောင်ကောင်းဆိုတာ ပစ္စုပါန်သာမက အနာဂါတ်အထိ လမ်းပြနိုင်တဲ့ သူပါလားလို့ တွေးမိတယ်။ ဒီနေ့ ခေါင်းဆောင်မှုဆိုတာ အောင်မြင်မှုအတွက် လမ်းပြပေးနိုင်ခြင်း၊ အခက်အခဲနဲ့ ကြုံရင် လက်တွဲမဖြုတ်တမ်း အတူရင်ဆိုင်ခြင်းတွေအပြင် သူမရှိရင်တောင် နောက်လိုက်တွေ ကိုယ့်အလုပ်ကို ရဲရဲဝံ့ဝံ့ အားမန်အပြည့်နဲ့ လုပ်နိုင်အောင် ယုံကြည်မှုထူထောင်ပေးခြင်းပါ ပါတယ်ဆိုတာကို ကိုယ်တွေ့သိလိုက်ရတယ်။ ကျေးဇူးပါ မိုက်ကယ်။

1. 7 Habits of Highly Effective People (Eulogy)

Self Development ကိုရေးတဲ့ စာအုပ်တွေထဲမှာ ပထမဆုံးဖတ်ဖူးတာကတော့ ဆရာဖေမြင့်ရဲ့ ဘာသာပြန်တွေပါ။ အလွယ်ခေါ်ရင်တော့ တက်ကျမ်းပေါ့။ ဖတ်ရတာ သဘောကျတယ်၊ ကျင့်ကြံဖို့ကြိုးစားတယ်၊ တစ်ခါတစ်လေ ပြန်ဖတ်ဖြစ်တယ်။ အဲဒီလို စာအုပ်တွေထဲက အခုထိ အကြိမ်ကြိမ်ဖတ်တာအပြင် မကြာခဏ ပြန်ပြန်နွှေးမိတာ ကတော့ Steven R. Covey ရဲ့ 7 Habits of Highly Effective People ပါ။ ပထမဆုံးအကြိမ် ဖတ်မိတော့ ကောင်းတယ်လို့တော့ ထင်သား။ ဒါပေမယ့် ဘာကောင်းမှန်းမသိဘူး၊ ဘယ်လိုအသုံးချရမှန်းမသိဘူး။ နောက် ရုံးကမိတ်ဆွေနဲ့ ဒီစာအုပ်အကြောင်း ပြောမိတော့ သူက သူ့အတွက်ဘယ်လို အသုံးကျကြောင်းတွေပြောပြတယ်။ ဒါနဲ့ နောက်တစ်ခါပြန်ဖတ်၊ အကျဉ်းချုပ်တွေ ရှာဖတ်နဲ့ နည်းနည်းနားလည်သလိုလို ရှိလာတယ်။ နောက်တော့ အဲဒီစာအုပ်ကို အသာထားလိုက်ပြန်တယ်။

ဒါပေမယ့် ခေါင်းထဲမှာတော့ သေတဲ့လူကို နောက်ဆုံးနှုတ်ဆက်တဲ့စကား (Eulogy) အကြောင်းခဏခဏ သတိရမိတယ်။ ငါသေရင် ဘယ်လို Eulogy မျိုးကြားချင်ပါလိမ့်လို့ တွေးမိလာတယ်။ သေသေ ချာချာ တွေးကြည့်တော့ ကိုယ့်ကို လူတွေကဘာတွေပြောစေချင်ပါလိမ့်ဆိုတာ သိပ်မသဲကွဲဘူး။ သူတို့ စိတ်ထဲရှိသလို ပြောလိမ့်မယ်လို့ ဖာသိဖာသာပဲနေမိတယ်။ ဒါပေမယ့် သေချာတာတစ်ခုက ကိုယ့်ကိုတော့ လူတွေက သတိရနေစေ့ချင်တယ်။ ဘယ်လိုပုံမျိုးနဲ့ သတိရစေချင်သလဲဆိုရင်တော့ မသေချာပြန်ဘူး။ ကဲပါလေ သတိရချင်တဲ့ ပုံစံနဲ့သာရကြပါ သတိရရင် တော်ပါပြီလို့ တွေးမိပြန်တယ်။

Steven Covey ကြီးကတော့ ခမ်းခမ်းနားနား အိမ်မက်အကြီးကြီးရှိတယ်။ သူသေခါနီးမှာ သားသမီးတွေအားလုံး နဲ့သူတို့မိသားစုတွေ အနားမှာရှိစေချင်သတဲ့။ အလုပ်နဲ့မို့ မလာနိုင်ဘူးဆိုတာ မဖြစ်စေချင်ဘူးတဲ့။ ကိုယ်ကတော့ ဘယ်သူတွေအနားမှာရှိသလဲဆိုတာ သိလောက်အောင်တောင် သတိကပ်ချင်မှ ကပ်မှာလို့ တွေးမိ တယ်။ နောက်တော့ လူတွေဘယ်နားနေနေ ကိုယ်ရဲ့နောက်ဆုံးခရီးကို လိုက်နိုင်တာမလိုက် နိုင်တာလည်း ထားလိုက်ဦး၊ ကိုယ့်နာမယ်ကြားတဲ့အခါ ကိုယ့်ကိုအမှတ်တရ ဖြစ်နေရင်တော့ ကောင်းမှာပဲ။ ကိုယ့်ကို မိဘက သမီးကောင်းအနေနဲ့ သတိရ။ ညီမက အမကောင်းအနေနဲ့သတိရ။ မိတ်ဆွေများက မိတ်ဆွေကောင်းအနေနဲ့ သတိရ။ တစ်ချို့ သောသူတွေကလည်း သူတို့ဘ၀အတွက် တစ်စုံတစ်ရာ ဖြည့်ဆည်းပေးဘူး သူအဖြစ်သတိရ။ ဒီလောက်ဆိုရင် မဆိုးဘူး။ အကောင်အထည်ဖေါ်ဖို့လည်း ဖြစ်နိုင်တယ် လို့တွေးမိတယ်။ သတိရတိုင်း 7 Habits အကျဉ်းချုပ်လေးကို ပြန်ဖတ်မိတယ်။

ဒီစာအုပ်ဖတ်မိပြီး ဒီလိုတွေတွေးတတ်လာတော့ ဘ၀က ပန်းတိုင်ဆိုတာရှိလာတယ်။ နေ့စဉ်ပြုမူပြောဆိုနေတဲ့ အပေါ်မှာ ထီးလိုအုပ်မိုးထားတဲ့အရာတစ်ခုရှိလာတယ်။ တတ်နိုင်သမျှ ကိုယ့်အတွက်သာမက သူများအတွက်ပါ ကြုံရင် ကြုံသလို စေတနာ့ဝန်ထမ်း လုပ်ပေးတတ်လာတယ်။ အလုပ်များလို့ပင်ပန်းတဲ့အခါ ကိုယ့်တစ်ယောက်ထဲ အတွက်၊ ပိုက်ဆံအတွက် အလုပ်လုပ်နေတာလို့ မခံစားရဘဲ လောကအတွက်ပါ အလုပ်လုပ်နေတာလို့ ခံစားရတာမို့ အလုပ်ရဲ့ဒါဏ်ကို ခံနိုင်လာတယ်။ ရှင်သန်နေထိုင်ရတာ အဓိပ္ပါယ်ရှိလာတယ်ပဲ ဆိုပါစို့။ ဒီဘ၀ခရီးကို နောက်ထပ်နှစ်ပေါင်းများစွာ မညည်းညူစတမ်း လျှောက်လှမ်းဖို့အတွက် ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်တစ်ခုတော့ လိုအပ်တယ် မဟုတ်လား။ 

Tuesday, August 12, 2014

လောကရဲ့ လှည့်ကွက်

မရေးဖြစ်တာ တစ်နှစ်ခွဲလောက်ရှိပြီဖြစ်တဲ့ ဒီ Blog ကိုပြန်ပြီး အသက်သွင်းမယ်လို့ စဉ်းစားပါတယ်။ ဒီစာမျက်နှာတွေပေါ်မှာ အဓိကအနေနဲ့ ကိုယ်တိုင်လည်း စိတ်ဝင်စားပြီး အများအတွက်လည်း အကျိုးရှိနိုင်မယ့် Quotation တွေ၊ Public Speaking, Communication and Leadership ခေါင်းစဉ်မျိုးတွေကို ရေးသွားမယ်လို့ စိတ်ကူးပါတယ်။ Facebook ပေါ်မှာ ရေးရင်လည်း ရပေမယ့် Blog ပေါ်မှာ ဆိုတော့ တစ်စုတစ်စည်းထဲ ဖြစ်လိမ့်မယ်လို့လည်း ယူဆပါတယ်။ အရင်နှစ်နှစ်လောက်ကတော့ မြန်မာနိုင်ငံအတွင်းမှာ Blog ကိုဝင်ကြည့်လို့ မရဘူးလို့ သူငယ်ချင်းတစ်ချို့ က ပြောဘူးပါတယ်။.အခုတော့ Blog ကို Facebook ပေါ်မှာ Share လုပ်ရင် ဖတ်လို့ ရလောက်ပြီလို့ ထင်ပါတယ်။  ဒီနေ့တော့ Robin Williams ကိုနှမြောတသစွာနဲ့ ဒီ စာတိုလေးကို ရေးဖြစ်ပါတယ်။




"လူတိုင်းလုပ်နိုင်တဲ့ အခြေခံအကျဆုံး လုပ်ရပ်ကတော့ ပျော်အောင်နေဖို့ပါပဲ" တဲ့။ လောကကြီးကို ရသတွေပေးခဲ့တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်၊ ပျော်ရွှင်မှုတွေ ပေးခဲ့တဲ့ လူရွှင်တော်တစ်ယောက်က သူ့ဘ၀ရဲ့ နောက်ဆုံးနေ့တွေမှာ ပျော်ရွှင်မသွားရဘူးဆိုတဲ့ အရိပ်လက္ခဏာတွေကို တွေ့ရတဲ့အခါ လောကရဲ့ လှည့်ကွက်တွေကို အံ့သြတကြီး အပစ်တင်ချင်တယ်။