ပွဲရုံကြီးတစ်ခုလုံးမှာ အားပေးမယ့်ပရိသတ်တွေနဲ့ ပြည့်လို့။
ဒိုင်လူကြီးသုံးယောက်ကလည်း နေရာယူပြီးကြပြီ။ ပွဲကတော့ Britain’s got Talent ဆိုတဲ့
အစွမ်းအစပြပွဲ၊ ပြိုင်ပွဲပါ။ အဆို၊ အတီး၊ အက၊ လက်လှည့်မျက်လှည့်၊ ကျွမ်းဘား ဘယ်လို
အစွမ်းအစ မျိုးနဲ့မဆို ၀င်ပြိုင်လို့ရပါတယ်။ ပထမဆုံးအဆင့်ကနေ တစ်ဆင့်ပြီးတစ်ဆင့်တက်သွားလို့
နောက်ဆုံးအဆင့်မှာ နိုင်ခဲ့ရင် ပေါင်ငွေသိန်းနဲ့ချီတဲ့ ဆုကိုရမှာဖြစ်သလို ဘုရင်မကြီးအပါအ၀င်
တော်ဝင်မိသားစုကို ဖျော်ဖြေခွင့်လည်း ရမှာဖြစ် ပါတယ်။ ဒီနေ့ ဒီအဆင့်ကနေ နောက်တစ်ဆင့်တက်မတက်
ဆုံးဖြတ်ပေးမယ့်ဒိုင်တွေကတော့ Talent Show တွေ ကမ္ဘာ အ၀ှမ်း ထူထောင်နေတဲ့၊ စင်ပေါ်ကပြိုင်ပွဲဝင်တွေကိုလည်း
မညှာမတာ ထိုးနှက်တတ်တဲ့ ဆိုင်မွန်ကောင်းဝဲလ် (Simon Cowell)၊ အမန်ဒါ ဟိုလ်ဒင်
(Amanda Holden) နဲ့ ပီယားစ် မော်ဂန် (Piers Morgan) တို့ဖြစ်ကြပါတယ်။
အချိန်ကျတော့ ပြိုင်ပွဲဝင်အမျိုးသမီးတစ်ယောက် ပုဏ္ဏားကွယ်က
တစ်လှမ်းချင်း ထွက်လာပါတယ်။ သူမ စင်အလယ် လောက်မှာ သေသေချာချာ ရပ်ပြီးပြီဆိုမှ ဆိုင်မွန်က
မေးခွန်းစမေးပါတယ်။
ဆိုင်မွန်။ ။
ကဲ နာမည်လေးပြောပါဦး
ပြိုင်ပွဲဝင်။ ။
စူစန်ဘွိုင်လ်
ဆိုင်မွန်။ ။
ဘယ်အရပ်ကလာပါသလဲ
စူစန်။ ။
စကော့တလန်အရပ်၊ ဘလက်ဘန်း၊ အနောက် လိုသီယန် ကပါ
ဆိုင်မွန်။ ။
အဲဒါကမြို့ကြီးလား
စူစန်။ ။
(တော်တော်လေးစဉ်းစားပြီးမှ) အင်း - အဲဒါက ရွာတွေစုပေါင်းထားတဲ့နေရာပါ။
ဆိုင်မွန်။ ။
အသက်ကရော
စူစန်။ ။
လေးဆယ့်ခုနှစ်နှစ်။ ဒါက ငါ့ရဲ့ဘ၀ တစ်စိတ်တစ်ပိုင်းပဲရှိသေးတယ်။
စူစန်က ခါးလှုပ်ပြီး ခပ်နောက်နောက် အမူအရာလုပ်လိုက်လို့ ပရိတ်သတ်က
ပွဲကျသွားတယ်။ ပရိတ်သတ်က သူ့ကို နောက်နောက်ပြောင်ပြောင်နဲ့ ခပ်ပေါပေါပြိုင်ပွဲဝင်တစ်ယောက်အဖြစ်
ဆက်ဆံပြီး အော်ဟစ်အားပေးနေကြပါတယ်။
ဆိုင်မွန်။ ။
ခင်ဗျားရဲ့ အိမ်မက်ကိုပြောပါဦး။
စူစန်။ ။
ကျမက နာမယ်ကြီးအဆိုတော်ဖြစ်ဖို့ ကြိုးစားနေပါတယ်။
ဆိုင်မွန်။ ။
အခုအချိန်အထိ အိမ်မက်က ဘာကြောင့်အကောင်အထည်မပေါ်သေးတာလဲ။
စူစန်။ ။
ကျမ အခွင့်အရေးမရခဲ့သေးလို့ပါ။ အခွင့်အရေးရတာနဲ့ အပြောင်းအလဲတွေ ကြုံလာနိုင်ပါတယ်။
ဆိုင်မွန်။ ။
ဘယ်သူ့လို နာမည်ကြီးချင်တာလဲ။
စူစန်။ ။
အီလိန်းပေ့ဂ်ျ
အီလိန်းပေ့ဂ်ျ ဆိုတာက အသက် (၁၆)နှစ်ကတည်းက အနုပညာအလုပ်တွေစလုပ်ပြီး
အခုအချိန်မှာ the First Lady of British Music Theatre ရယ်လို့ သရဖူဆောင်းထားတဲ့ အဆို၊
ပြဇာတ် ဘုရင်မ။ ဟုတ်မှလဲလုပ်ပါ ကျောင်းအမရယ် ဆိုတဲ့စတိုင်မျိုးနဲ့ ဆိုင်မွန်ရဲ့မျက်ခုံးပင့်သွားပါတယ်။
ပရိတ်သတ်ထဲကလူတစ်ချို့ဆို သိသိသာသာ မျက်နှာကို ရှုံ့တွလို့။ တစ်ချို့ကတော့ နှာခေါင်းရှံ့ကြတယ်။
ကြည့်ပါဦး တောမြို့ကလေးကလာတဲ့ အသက် (၄ရ)နှစ်အရွယ် အမျိုးသမီးကြီး။ ဆံပင်ခပ်တိုတိုကလည်း
အဖြူတစ်ဝက်၊ အမည်းတစ်ဝက်။ ၀တ်စားထားတော့လည်း အိမ်နေ အ၀တ်အစားခပ်သာသာ။ ဒီလိုမိန်းမကြီးက
အီလိန်းပေ့ဂ်ျ လို ဖြစ်ချင်တယ်ဆိုတော့ မယုံကြည်တဲ့အကြည့်၊ ရှုံ့ချတဲ့အမူအယာတွေမျက်နှာမှာ
အထင်းသား ပေါ်လာတာ သိပ်မဆန်းပါဘူး။ ဒိုင်လူကြီး သုံးယောက်ထဲက ပီယာ့စ်မော်ဂန်က ၀င်ပြီး
ဒီနေ့ည ဘာသီချင်း ဆိုမှာလဲလို့ ဖြတ်မေးလိုက်တော့ “I dreamed a dream” လို့ စူစန်က ပြန်ဖြေပါတယ်။
ဒီသီချင်းက နာမည်ကျော် Les Miserable ဆိုတဲ့ ပြဇာတ်ထဲက သီချင်းပါ။ သီချင်းခေါင်းစဉ်ကြားမှ
ပရိတ်သတ်လည်း စူစန့်ကို ပွဲကျနေရာကနေပြီး အဆို ဘက်ကို အာရုံပြန်ရောက်ပါတော့တယ်။
I dreamed
a dream in time gone by တီးလုံးစလို့ စူစန်သီချင်းစဆိုလိုက်တာနဲ့
အဆိုကောင်းလွန်းလို့ ပရိတ်သတ်က အားပေးလိုက်တာ ရုံကြီး ထဲမှာ ညံသွားပါတယ်။
ဆိုင်မွန်လည်း မျက်ခုံးပင့်ရပြန်တယ်။ ဒီတစ်ခါတော့ မယုံကြည်လို့ မဟုတ်ဘဲ
အံ့သြဘနန်း ဖြစ်ရလို့ပါ။
When hope
was high and life worth living; I dreamed that love would never
die စူစန်က သီချင်းကို ဆက်ဆို တဲ့အခါ ပရိတ်သက်ကလည်း သောင်းသောင်းဖြဖြ ဆက်တိုက်ကို
အားပေးကြပါတယ်။ အမန်ဒါ ဆိုလည်း ပါးစပ်ကလေး ဟလို့။ စူစန်က သီချင်းကို မူရင်းအတိုင်း
မဆိုဘဲ သူ့ရဲ့ ရင်ထဲကလာတဲ့ အသံကြီးနဲ့ ဆိုတော့ ပရိသတ်က အကြီးအကျယ် သဘောကျကြတာပါ။
I dreamed
that God would be forgiving သီချင်းရဲ့ တတိယစာကြောင်းလောက်ကို အရောက်မှာ
ပရိတ်သတ်ထဲက လူတွေ ထိုင်ပြီးအားပေးယုံနဲ့ အားမရတော့ဘဲ (Standing Ovation လို့ခေါ်တဲ့
အထူးတလည် အားပေးချီးမြှောက်ခြင်း) မတ်တတ်ရပ်ပြီး လက်ခုပ်တွေတီးလို့ အားပေးကြပါတော့တယ်။
တစ်မိနစ်လောက် အချိန်လေးအတွင်းမှာပဲ လူတွေရဲ့ အထင်သေးမှု အထင်ကြီးမှုတွေ
ပြောင်းသွားတာ အံ့သြစရာ ကောင်းလွန်းလှပါတယ်။
သီချင်းလည်းဆုံးရော
စူစန်ဟာ ခပ်အေးအေးပဲ စင်ပေါ်ကနေ လှည့်ထွက်သွားဖို့ပြင်ပါတယ်။ ဒိုင်လူကြီးတွေက မနည်း
ပြန်ခေါ်ယူမှ စင်ရဲ့ အလယ်ကို ပြန်လှည့်လာတယ်။ ပထမဆုံးအနေနဲ့ ပီယားစ်က “ဒီ
ဖြေဖျော်မှုဟာ ကျနော် ဒီပွဲမှာ ဒိုင်လုပ်ခဲ့တဲ့ သုံးနှစ်သက်တမ်းအတွင်း
အကြီးမားဆုံးအံ့သြမှုကြီးပါပဲ” လို့ စပြောပါတယ်။ ပြီးတော့ “ခင်ဗျားက စင်ပေါ်က
နေပြီး ကျမ အီလိန်းပေ့ဂ်ျ လိုဖြစ်ချင်တာပါဆိုတော့ အားလုံးက ခင်ဗျားကို
လှောင်ရယ်ကြတယ်။ အခုတော့ ဘယ်သူမှ မရယ်ကြတော့ဘူး။ တကယ့်ကို မှင်သက်လောက်တဲ့
အံ့မခန်း ဖျော်ဖြေမှုပါပဲ” လို့ ပြောလိုက်ပါတယ်။ နောက် အမန်ဒါက “ကျမကတော့
ကြက်သီးတောင်ထမိတယ်။ အားလုံးက ရှင်ပြောတာကို မယုံကြဘူးဆိုတာ ကျမသိပါတယ်။
ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျမတို့အားလုံးဟာ Synical ဖြစ်ခဲ့ကြတယ်။ ကျမတို့
လူတစ်ယောက်ကို အပေါ်ယံနဲ့ ဆုံးဖြတ်တာတွေ ရပ်သင့်ပြီလို့ သတိပေးလိုက်သလိုပါပဲ။
ဒီဖျော်ဖြေမှုကို ကြည့်ရှုခွင့်ရတာ ကျမအတွက် မဟာအခွင့်အရေးပါပဲ” လို့ အလွန်
လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်ပါတယ်။ ခပ်ရွဲ့ရွဲ့ အမြဲလုပ်တတ်တဲ့
ဆိုင်မွန်ကတော့ “ ခင်ဗျား စင်ပေါ်တက်လာ ကတည်းက သိပြီးသား။ သာမန်မဟုတ်တဲ့
ဖျော်ဖြေမှုကို ကြည့်ရတော့မယ်လို့ ထင်လိုက်တာ။ ကျနော်ထင်တဲ့အတိုင်းပဲ” လို့
ခပ်နောက်နောက် ပြောပါတယ်။ ပြိုင်ပွဲဝင်တွေ ရှေ့တစ်ဆင့် ဆက်တက်ရေးမတက်ရေး
မဲပေးကြတော့ ပီယားစ်က “ပေးဘူး သမျှ ထောက်ခံမဲတွေထဲမှာ အကြီးဆုံးမဲ” လို့ပြောပြီး၊
အမန်ဒါက “သေချာပေါက် ထောက်ခံတာပေါ့” လို့ပြောပါတယ်။ ဆိုင်မွန်က “စူစန်
ရင်ကော့ခေါင်းမော့ပြီး ရွာကို ပြန်ပေတော့။ ခင်ဗျားထောက်ခံမဲ သုံးမဲရပါတယ်” လို့
သူကလည်း ထောက်ခံကြောင်း ပြောတဲ့အတွက် စူစန်ဟာ ဒီအဆင့်ကနေ နောက်တစ်ဆင့်ကို တက်ခွင့်ရသွားပါတော့တယ်။
စူစန်ခမျာ ပျော်လွန်းလို့ ခုန်ပေါက်နေတာပဲ။
ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်အပြီးမှာတော့ စူစန်ဟာ ဒုတိယဆုနဲ့ပဲ
ကြေနပ်နှစ်သိမ့်ခဲ့ရပါတယ်။ ဒီလို Talent Show တွေမှာ နံပါတ် (၁) ချိတ်တဲ့သူတွေဟာ
သမိုင်းဝင်သွားပြီး ကျန်တဲ့သူတွေကတော့ ပြိုင်ပွဲကနေလုပ်တဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေ
သွားပြီး ဖျော်ဖြေကြမယ်။ ပြီးရင်တော့ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားကြတာများပါတယ်။
ဒီသဘောကို သိထား တဲ့ စူစန်ဟာ (ဆိုင်မွန်က သူ့ကို သီချင်းအယ်လ်ဘမ် ထုတ်ပေးမယ်
ဆိုတဲ့ ကတိကို ရပြီးတာတောင်မှ) အကြီးအကျယ် စိတ်ထိခိုက်ခဲ့ရပါတယ်။
ရှိသမျှစိတ်ဓါတ်အင်အားတွေအားလုံး ပြိုင်ပွဲကြီး နဲ့အတူ
ပျောက်ကွယ်သွားပြီးတဲ့နောက်မှာ စူစန်ဟာ စိတ်ရောဂါကု ဆေးရုံတစ်ခုမှာ
ငါးရက်ကြာတက်ပြီး ဆေးပညာ အကူအညီနဲ့ သူ့ကိုယ်သူ ပြန်ပြီး ထူထောင် ခဲ့ရပါတယ်။ ဓါတ်ပြားထုတ်ပေးဖို့
ကတိပေးပြီးသားမို့ နယ်လှည့်ဖျော်ဖြေပွဲတွေကို မလိုက်နိုင်ရင်လည်း
သိပ်ကိစ္စမရှိလှပါဘူး။ ဒါပေမယ့် ကျန်းမာရေးမကောင်းတဲ့ကြားကနေပဲ တတ်နိုင်သမျှ
ပွဲတွေကို လိုက်ပြီး ဖျော်ဖြေခဲ့ပါတယ်။
သူမရဲ့ ပထမဆုံး သီချင်းအယ်လဘမ် I Dreamed a Dream ကို (၂၀၀၉)ခုနှစ်မှာ
ထုတ်ခဲ့တော့ ယူကေနိုင်ငံဂီတသမိုင်းမှာ ရှိခဲ့တဲ့ မူလစံချိန်တွေကို ကျော်ပြီး
အရောင်းရဆုံး ဓါတ်ပြား အဖြစ် သမိုင်းဝင်ခဲ့ပါတယ်။ ငွေကြေးဖက်ကိုကြည့်ရင်လည်း
သူမရဲ့ ကျော်ကြားမှု ပထမနှစ်အတွင်းမှာတင် ပေါင်ငွေ ငါး မီလီယံ ရရှိခဲ့တယ်လို့
ဆိုကြပါတယ်။ အဲဒီ့နောက်မှာတော့ သူမရဲ့ အောင်မြင်ကျော်ကြားမှုတွေဟာ
ဆက်တိုက်လိုက်ပါလာ ပါတော့တယ်။ သူမက်ခဲ့တဲ့ “အောင်မြင်တဲ့ အဆိုတော် ဖြစ်ချင်တယ်”
ဆိုတဲ့ အိမ်မက် အကောင်အထည်ပေါ်ခဲ့ပါပြီ။
စူစန် ပထမအကြိမ် စင်ပေါ်မှာ ဖျော်ဖြေတဲ့ ခြောက်မိနစ်ပဲကြာတဲ့ ဖြစ်ရပ်က
ကျမတို့ကို သင်ခန်းစာတွေ အများကြီးပေးပါ တယ်။ ပထမဆုံးနဲ့
အရေးအကြီးဆုံးသင်ခန်းစာကတော့ “အိမ်မက်မက်တဲ့ သူတွေဟာ သူတို့အိမ်မက်တွေကို
ပိုင်ဆိုင်ခွင့် ရဖို့ရှိတယ်” ဆိုတဲ့ အသိပါ။ ကိုယ့်ကိုကိုယ်လည်း သိပ်မယုံမရဲ၊
ပါတ်ဝန်းကျင် အခြေအနေတွေကလည်း မသေမချာနဲ့မို့ ကျမတို့တွေဟာ
အိမ်မက်မက်ရကောင်းမှန်းတောင် သိပ်မသိခဲ့ကြပါဘူး။ ကိုယ့်ရှေ့မှာတင်
လူတစ်ယောက်တိုးတက် ပြောင်းလဲသွားတာကို မြင်ရရင်တောင်မှ ကံပါလို့၊
ကျောထောက်နောက်ခံကောင်းလို့ စတာတွေကိုပဲ မြင်တတ်ကြပြီး ကာယကံရှင်ကိုယ်တိုင်ရဲ့
စိတ်အားထက်သန်မှု နဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြုဖို့
မေ့လျှော့တတ်ကြပါတယ်။
ဆိုင်မွန်က “ခင်ဗျားရဲ့ အိမ်မက်ကိုပြောပါဦး” ဆိုတော့ “ကျမက နာမယ်ကြီးအဆိုတော်ဖြစ်ဖို့
ကြိုးစားနေပါတယ်” လို့ပြန်အဖြေမှာ ပရိတ်သတ်ထဲက လူတွေအားလုံးနီးပါးရဲ့ မျက်နှာတွေပေါ်မှာ
မယုံသင်္ကာအမူအရာတွေကို မြင်ရပါတယ်။ ဆက်မေးလိုက်တဲ့ မေးခွန်းက ပိုတောင်ကြောက်စရာကောင်းပါသေးတယ်။
“အခုအချိန်အထိ အိမ်မက်က ဘာကြောင့် အကောင်အထည် မပေါ်သေးတာလဲ” တဲ့။ အသက်(၄၇)နှစ်မှာ မရသေးတဲ့
အခြေအနေတစ်ရပ်ကို ကျမကြိုးစားနေဆဲပါ လို့ ပရိတ်သတ်အလည်မှာ ဖြေရတာ သိပ်လွယ်လှတဲ့အလုပ်တော့
မဟုတ်တန်ရာပါဘူး။ ကိုယ့်အတွေးနဲ့ကိုယ် မယုံမကြည် ဖြစ်တတ်တဲ့သူဆို “ဖြစ်ရော ဖြစ်ဦးမျာမို့လား”
လို့ အမေးခံလိုက်ရသလို မခံချင်တဲ့ ခံစားချက်က ၀င်လာဦးမှာပါ။ စူစန် ကတော့ တကယ့်ကို
အေးအေးဆေးဆေးပဲ “အခွင့်အရေးမရသေးလို့ပါ” လို့ ပြန်ဖြေခဲ့နိုင်ခဲ့တာ အားကျစရာပါ။
ကျမတို့ပါတ်ဝန်းမှာလည်း “မင်းကများ လုပ်ဦးမယ်” “စိတ်ကူးမယဉ်စမ်းပါနဲ့ကွာ”
“လုပ်မနေပါနဲ့၊ မဖြစ်ပါဘူး” “အချင်းချင်း မို့ပြောတာ၊ အချိန်ကုန်ခံမနေ နဲ့၊ ဒါမျိုးက
စမ်းရှိမှ” စတဲ့ စကားလုံးတွေကို မကြာခဏကြားရတတ်ပါတယ်။ ဒီလိုစကားတွေနဲ့ “ကြည့်နေပါ၊
မဖြစ်ပါဘူး” ဆိုတဲ့ မျက်နှာအမူအရာတွေ၊ မျက်လုံးအကြည့်တွေဟာ
ကျမတို့ နှစ်ပေါင်းများစွာပြုစု ပျိုးထောင် ခဲ့ရတဲ့ ၀ါသနာ၊ မျှော်မှန်းချက် နဲ့ အိမ်မက်တွေကို
ခပ်လွယ်လွယ် ရိုက်ချိုးပစ်နိုင်တဲ့ အစွမ်းရှိကြပါတယ်။ ပါတ်ဝန်းကျင်က လူ တွေအားလုံးကို
“အဖျက်စကားတွေ မပြောကြပါနဲ့” “အဖျက်အမူအရာတွေ မလုပ်ကြပါနဲ့” လို့ တစ်ယောက်ချင်း လိုက်တား
ဖို့ မဖြစ်နိုင်ပါ။ အဲဒီစကားတွေ အမူအရာတွေနဲ့ ကြုံရင်ဘယ်လိုတုန့်ပြန် မလဲဆိုတာကိုပဲ
ကိုယ့်ကိုကိုယ် ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ ပြင်ဆင်မှု ပထမအဆင့်အနေနဲ့ ကိုယ့်ကို စိတ်ဓါတ်ကျစေတဲ့
စကားတွေ အမူအရာတွေကို တစ်ချို့သော သူတွေလုပ်တတ်တယ် ဆိုတာကို သတိအမြဲရှိနေရပါမယ်။ ဒါတွေနဲ့
တကယ်ရင်ဆိုင်ရတဲ့ အခါမှာလည်း စိတ်ဓါတ်ကျစရာ စကားတွေကို သူပြောနေတယ်။ စိတ်ပျက်တဲ့ အမူအရာတွေကို
သူလုပ်နေတယ် လို့ သတိစွဲကပ်ထားရပါမယ်။ ဒါဟာ လူ့သဘာဝပဲလို့ လက်ခံပြီး ကိုယ့်အိမ်မက်ကိုသာ
မျက်ခြေမပြတ် ဂရုတစိုက် အကောင်အထည်ဖေါ်သင့်ပါတယ်။
စူစန့်ကို ကြည့်ရတာ တော်တော်ကို ရိုးရိုးသားသား နှိမ့်နှိမ့်ချချနဲ့
ကိုယ့်ရည်မှန်းချက်ကိုသာ အကောင်အထည်ဖေါ်ဖို့ အာရုံ စိုက်ထား ပုံရပါတယ်။ “ဒီပွဲမှာ အခွင့်အရေးရခဲ့ရင်
ကျမဘ၀မှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တာပေါ့” လို့ ခပ်အေးအေး ဖြေခဲ့တာ ဟာလည်း သဘောကျစရာပါ။
တစ်ခါတစ်လေ အိမ်မက်တွေလည်း မက်ပါရဲ့၊ အရည်အချင်းလည်း ရှိပါရဲ့နဲ့ အခွင့်အလမ်းကို တွေ့အောင်မရှာနိုင်လို့
အိမ်မက်တွေ အကောင်အထည် မဖေါ်နိုင်ခဲ့ တာတွေလည်း ရှိတတ်သေး တာမို့ အခွင့်အလမ်းကို အမြဲမျက်ချည်မပြတ်
ရှာနေနိုင်ဖို့လည်း ကျမတို့ ကြိုးစားကြရပါမယ်။
ပြိုင်ပွဲမှာမနိုင်လို့ စိတ်ဓါတ်အင်အားတွေ ကုန်ခန်းသွားတာတောင်မှ
မီးပုံထဲက အတင်းရုန်းထပြီး ပျံထွက်လာတဲ့ ဇာမဏီ ငှက်တစ်ကောင်လို နယ်လှည့်ဖျော်ဖြေပွဲတွေမှာမဖြစ်ဖြစ်အောင်
လိုက်ပါခဲ့သေး တာကိုလည်း ချီးကျူးမိပါတယ်။ အယ်လ်ဘမ် ထုတ်ဖို့ ကတိရပြီးတာတောင်မှ သူ့အိမ်မက်ကို
အကောင်အထည်ဖေါ်ဖို့ တတ်နိုင်သမျှ အင်အားကို အကုန်သုံးခဲ့တာပါ။
အိမ်မက်ကြီးကြီးတွေ မက်ကြဖို့၊ အိမ်မက်ထဲက ကိုယ်ကပြမယ့် ဇာတ်ကောင်အတွက်
လိုအပ်တဲ့ ပညာရပ်တွေကို အမြဲမပြတ် ဆည်းပူးနေဖို့၊ အစွမ်းအစထုတ်ပြခွင့် တွေကို အချိန်၊နေရာ
မရွေး မပြတ်ရှာဖွေနေဖို့ နဲ့ အောင်နိုင်မှုကို မရလို့ စိတ်ပင်ပန်း ဆင်းရဲတဲ့ အချိန်တွေမှာပါ
အိမ်မက်ကို မြဲမြဲဆုပ်ကိုင် ထားကြဖို့တွေကို သတိပေးရင်းနဲ့ စူစန်ဘွိုင်လ်ရဲ့ ဘ၀တစ်ဆစ်ချိုး
ပြိုင်ပွဲဝင်ကာလနဲ့ သူ့ဘ၀ အကြောင်းကို အောက်ကပေးထားတဲ့ လင့်ခ် များမှာ ကြည့်ရှုနိုင်ပါကြောင်း။
အိမ်မက်ကြီးကြီး မက်နိုင်ကြပါစေ။