Sunday, April 24, 2011

နာနတ်သီး

“အဘွား - နာနတ်သီး စားချင်တယ်”
“အဘွား - မနက်က ဒေါ်ကြီး ဈေးက ပြန်လာတော့ နာနတ်သီး ၀ယ်လာတယ် သိလား၊ အကြီးကြီးပဲ။ ကောင်းမှာပဲ သိလား၊ မွှေးနေတာပဲ။”
စကားကြီး စကားကျယ် ပြောတတ်တဲ့၊ လိုချင်တာကို မရမချင်း တတွတ်တွတ် ပြောတတ်တဲ့ လေးနှစ်သမီး ကို ဆက်ပြီး သည်းမခံနိုင်တော့တဲ့ အဘွားဟာ နာနတ်သီးတစ်လုံး ရှာ၊ သေသေချာချာ အခွံခွာ၊ သန့်စင်ပြီး ပန်းကန်ပြား တစ်ချပ်နဲ့ ကျကျနန စားပွဲမှာ ထိုင်ပြီး စားခိုင်းတော့ တာပါပဲ။ ကိုယ်ကလည်း ကိုယ်လိုချင်တာ ရပြီဆိုပြီး အားရ၀မ်းသာစားတာပဲ။ အဘွားက စားပွဲနားက မခွာတာတွေ့တော့ နည်းနည်း တော့ စိုးရိမ်သား။ ဒါပေမယ့် ဂျီကျလို့ ဆူချင်တာလောက်ပဲထင်တာလေ။ ကိုယ်က “တော်ပြီ၊ ၀ပြီ” လို့ပြောတော့ အဘွားက တော်လို့ မရဘူး၊ အကုန်စားရမှာ ဆိုမှ လန့်သွားတော့တာ။ အဘွားကတော့ လုပ်ပြီ၊ စောစောကတော့ မပြောဘူး။ အဘွား မျက်နှာကလည်း အတည်ပေါက်ကြီး။ ရှောင်ထွက်လို့ရဖို့ လမ်းမမြင်ဘူး။ ကြောက်ကြောက်နဲ့ ကုန်အောင်စားရပါတယ်။

ခပ်လတ်လတ် နာနတ်သီးတစ်လုံး ကို ကုန်အောင်စားပြီးတဲ့ အခါမှာတော့ လျှာယားလွန်းလို့ ဒုက္ခတွေ့ တော့တာပဲ။ ငိုချင်ပေမယ့် အဘွားကို ကြောက်လို့ မငိုရဲဘူး။ တံခါးပေါက် တစ်ခုမှာ ထိုင်ပြီး ကိုယ်အကြိုက်ဆုံး ပုခုံးနှစ်ဘက်ပေါ်မှာ ကြိုးချည်ရတဲ့ အင်္ကျီလေးကို မ မပြီး အင်္ကျီအစလေးကို ကိုက်နေ ရတဲ့ လေးနှစ်သမီး ကို ခုထိမြင်ယောင်သေးတယ်။ အစားငန်းတဲ့ ကိုယ်ဟာ အစားကျူးလို့ ခဏခဏ ဒုက္ခရောက်လည်း မမှတ်ပါဘူး။ အခုလည်း နာနတ်သီးကို အကုန်စားခိုင်းတာ အဘွားက အစား သောင်းကျန်းရင် ခုလို ဒုက္ခရောက်တတ် တယ်လို့ သိစေချင်တာထင်ပါရဲ့ ။ အဘွားရယ် အဘွားမြေးက အစားကျူးလို့ ဒုက္ခရောက်လည်း ငိုတုန်းခဏပဲ ဒုက္ခကိုသိတာပါ။ နောက်တစ်ခါ စားချင်တာကိုတွေ့ရင် ကြုံဖူးသမျှ ဒုက္ခ အကုန်မေ့ပြီး စားချင်တာကို မရရအောင် ပူဆာပြန်တာပါပဲ။ အခုတော့ ကိုယ်ကိုဆုံးမတဲ့ အဘွားက ကိုယ်တို့နဲ့ အတူမရှိတော့ ပါဘူး။ ကိုယ့်ကို စိတ်မချခြင်းများစွာနဲ့ ကောင်းကင်ပေါ်ကနေ ငုံ့ကြည့်နေမယ် ထင်တာပဲ။

အသက်ကြီးလာတော့ အစား သိပ်မမက်တော့ဘူး အဘွားရေ။ အခုမက်နေတာက မြင်မြင်သမျှ ကောင်းတယ်ထင်တာတွေကို အကုန်လုံး လက်တွေ့ လုပ်ကြည့်ချင်နေတာပဲ။ များလိုက်တဲ့ မက်မောစရာလုပ်ငန်းတွေ။ စင်ပေါ်တက်ပြီး စကားကို ကျကျနန ပြောတတ်ချင်လို့ ပြိုင်ပွဲတွေဝင်၊ တစ်ဆင့် ကနေ နှစ်ဆင့်တက်သွားတော့ ကြေနပ်လိုက်တာ။ တတိယဆင့်မှာ ၀က်ဝက်ကွဲ ဘာဆုမှ မချိတ်ဘဲ ပြန်ရတော့ ၀မ်းနည်းလွန်းလို့ အိပ်လို့တောင် မပျော်ဘူး။ ငိုချင်ပေမယ့် ဘယ်သူမှ ခိုင်းတာမဟုတ်ဘဲ၊ မဖြစ်မနေ လုပ်ဖို့လိုတာလည်း မဟုတ်ဘဲ ကိုယ့်ဘာသာ လုပ်ထား တာဆိုတော့ ငိုလို့ မဖြစ်ဘူး။ လောကမှာ နာနတ်သီးတွေကလည်း များလိုက်တာ။ သူများ မာရသွန် ပြေးရင်လည်း ပြေးချင်လိုက်တာပဲ။ သူများ လူမှူရေး လုပ်တာမြင်တော့လည်း လုပ်ချင်လိုက်တာပဲ။ ရုံးကတက်ခိုင်းတဲ့ သင်တန်းတွေမှာ သင်တန်းဆရာ တွေ သင်တာကို သဘောကျတော့လည်း သူတို့လို လိုက်သင်ချင်လိုက်တာပဲ။ အဘွားမြေး ခုချိန်ထိ ငိုချင်စိတ်ကို အင်္ကျီကိုက်ပြီး ထိန်းနေရတုန်း။ ကိုယ်လက်နဲ့ ကိုယ် ခွဲစားတဲ့ နာနတ်သီးက လျှာပိုယားတယ် အဘွားရေ။