Tuesday, September 28, 2010

ကျနော် ပျော်ပါတယ် ဆရာ …

စင်္ကာပူမှာ လုပ်တဲ့ ဒုတိယ အကြိမ် စာပေဟောပြောပွဲမှာ ဆရာအော်ပီကျယ်က “ဒို့ ဗမာတွေ ပျော်ပါစေ” ဆိုပြီး တွေးစရာတွေ တစ်လှေကြီး ပေးသွားခဲ့ ပါတယ်။ ဆရာပြောတဲ့ “မသိလို့ ပျော်တယ်၊ နားမလည်လို့ ပျော်တယ်၊ အမှတ်မရှိလို့ ပျော်တယ်” ဆိုတဲ့ ပျော်နည်းပေါင်းစုံနဲ့ ပျော်ပျော်ကြီး ကြီးပြင်းလာခဲ့တဲ့ ကိုယ့်ကိုယ်ကို အခုရော ငါပျော်နေသလား၊ ဘယ်လို ပျော်နည်း တွေနဲ့ ပျော်နေသလဲလို့ မေးမိပါတယ်။

သေချာတာကတော့ ဘာမှမသိခင်တုန်းကလောက် မပျော်တော့တာ အမှန်ပါပဲ။ မသိတသိ အခြေအနေမှာ ရှိရတဲ့ စိတ်ညှိုးငယ်ရပုံ ကလည်း ဒုက္ခမသေးပါဘူး။ ဆရာ လယ်တွင်းသားပြောတဲ့ သူ့ဘ၀ အကြောင်းနဲ့ ယှဉ်ကြည့်ရင်တော့ ရွာကနေ ကျောင်းလာတက်တဲ့ ကလေး လိုပါပဲ။ ရွာမှာတော့ မြို့ ကျောင်းကို ကိုယ်ပိုင်စက်ဘီးနဲ့ သွားတဲ့ မြို့ ကျောင်းသားပါ။ မြို့ ရောက်တော့ ကိုယ်က မုန့်ဖိုး၊ အ၀တ်အစားက အစ ကျောင်းပညာအဆုံး အားလုံးမှာ နောက်နားကျကျပါ။ သေသေချာချာ ပြန်တွေး ကြည့်ရင် ခြေကုတ်ကလေး တစ်နေရာစာရဖို့ ကျိတ်မှိတ်ကြိုးစား နေရစဉ်ကထက် နည်းနည်း အခြေလေး ခိုင်ကာစလောက်မှာ ဖြစ်ရတဲ့ သိမ်ငယ်မှုက ပိုတောင်ဆိုးသေးတယ်လို့ ထင်ပါတယ်။

စိတ်ထဲရှိတာလေးတွေ သူများကို ဒုက္ခမပေးဘဲ ရင်ဖွင့်ချင်တော့ ဘလော့ဂ် ပေါ်မှာ စာတိုပေစ လေးတွေ ရေးပါတယ်။ အခုတလောမှာ ဒေါသသံ ပါသော စာတွေကို ရေးမိပါတယ်။ ရှင်းရှင်းပြောရရင် ကိုယ့်ရဲ့  မပြည့်ဝနိုင်တဲ့ စိတ်အတွက် ကလေးဘ၀၊ လူငယ်ဘ၀ကို လွှဲချဖို့ ကြိုးစားတာပါ။ ကလေးဘ၀ အတွေ့အကြုံတွေက လူကြီးဘ၀ကို ပုံသွင်းတယ် လို့ဆိုတယ် မဟုတ်လား။ လူငယ်ဘ၀က လွှမ်းမိုးခဲ့တဲ့ အရိပ်တွေကျန်သေးတယ်လို့ ဆိုပြီး အကြောင်းရှာတာပါ။

နေရာတစ်ခုကနေ တစ်ခုကို ကူးတော့ မျောက်သစ်ကိုင်းလွတ်လည်း ဖြစ်ပါတယ်။ အထက်မရောက် အောက်မကျ ဇော်ကန့်လန့် လည်းဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် ဘာမှန်းမသိဖြစ်ပြီ်း Identity ပျောက်လို့လည်း ခဏခဏ စိတ်ဒုက္ခရောက်ရပါတယ်။ အရမ်းကြီးမားတဲ့ ဖိအားကနေ လေဟာပြင်ကို ရောက်သွားသလို ဟာကနဲနေပြီး ဖိအားအသစ်မှာ အလိုက်သင့် နေလို့မရတဲ့ စိတ်ဒုက္ခလို့ ထင်ပါတယ်။ ဖိအားအသစ်နဲ့ နေသားမကျလေတော့ သူများတွေက အလိုက်သင့်လေး ပျံနေတဲ့ အချိန်မှာ ကိုယ်က ကိုယ့်ခြေထောက်ကို ကိုယ်တိုင်ချည်ထားတဲ့ ခဲတွေနဲ့ လေးပြီး စိတ်တိုင်းကျ ပျံလို့ မရဘူး ဆရာ။ ပီမိုးနင်းရဲ့  အောင်စိတ်က ဘယ်ချောင် သွားကပ်ကပ် နေမှန်း မသိဘူး။ အငုံ့စိတ်၊ အသိမ်စိတ် တွေကတော့ ခဏခဏ ခေါင်းပြူပြူလာတာပဲ။ ငယ်ငယ်တုန်းကနဲ့ မတူတာ ကတော့ သိမ်ငယ်စိတ်တွေကို မလုံ့တလုံလေး ဖွက်ထားဖို့ ကြိုးစားလာတာပါပဲ။

မသိတုန်း၊ နားမလည်တုန်း၊ အမှတ်မရှိတုန်းက အမှူမဲ့ အမှတ်မဲ့ နေပြီးပျော်ခဲ့ တဲ့ ကျနော်၊ အခုမသိတသိ ဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်မပါတော့ ဟန်ဆောင် ရုပ်ဖျောက်ပြီး ပျော်သလားလို့ ကိုယ့်ကိုကိုယ် ပြန်မေးရပါတယ်။ အလွယ်ဆုံး နည်းကတော့ ကျနော်တို့ ရုပ်ဝတ္ထုပစ္စည်း တွေနောက် လိုက်ပြီး ပျော်ကြတယ်လေ။ “iPhone? IPad? I have! လို့ ပြောနိုင်ဖို့ ကြိုးစားရင်း ပျော်အောင်နေတယ်။ ကျနော်တို့ စားရင်း သောက်ရင်းလည်း ပျော်ကြတယ်၊ အခုဆို မြန်မာ ကာရာအိုကေ၊ မြန်မာ Pub သွားပြီး ပျော်လို့တောင် ရသေး။ တစ်ခါတစ်လေ စင်္ကာံပူမှာ ပျော်ရတာ ပျင်းလာရင် ခရီးလေး ထွက်ပြီး ပျော်လိုက်သေးတာ။

ဆရာက “ပညာပိုလီယို … စိတ်ဓါတ်၊ အကျင့်၊ သတ္တိ ပိုလီယို ဖြစ်လာပြီလား … အဲဒါတွေ ပိုလီယို ဖြစ်လာရင် လူမျိုးပိုလီယို ဖြစ်လာမှာ” တဲ့။ ကျနော်က ပိုလီယို မဖြစ်ဘူး ဆရာ။ အရိုးကင်ဆာ ဖြစ်နေတာ။ ဆရာပြောတဲ့ ကားဟောင်းကြီးကို တက်မစီးချင်ဘူး။ တွန်းရမှာကြောက်လို့။ ဆရာက ဘ၀င်မနိမ့်နဲ့တဲ့။ မနိမ့်ပါဘူး။ အောက်ကနေ ရုပ်ဝတ္ထု ပစ္စည်းတွေ၊ ဟန်ဆောင်မှုတွေဆိုတဲ့ ဒေါက်တွေနဲ့ ထောက်ထားတယ်။

ဆရာက “ဒို့ ဗမာတွေ ပျော်ပါစေတဲ့” ကျနော်ကတော့ ပျော်တယ်ဆရာ။ ငယ်ငယ်တုန်းက ပျော်ခဲ့တာတွေကို မေ့ဖို့ ကြိုးစားရင်းနဲ့ ပျော်ပါတယ်။